ကသာ ၂၃ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်းရှိ ကသာ၊ အင်းတော်၊ ဗန်းမောက်နှင့် ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးများနှင့် နည်းပညာပြန့်ပွားရေး Centre တာဝန်ခံများအား သီးနှံစိုက်ခင်းများ ဖျက်အားကောင်းသော ကန္တာရကျိုင်းကောင် (နှံအကာင်) ကြိုတင်ကာကွယ်ရေး အသိပညာပေးသင်တန်းကို ဇွန် ၂၂ ရက် မွန်းလွဲပိုင်းက ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
အဆိုပါသင်တန်းကို ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမောင်က ကန္တာရကျိုင်းကောင် ကြိုတင်ကာကွယ်ရေးဆိုင်ရာများကို သင်ကြားပို့ချခဲ့သည်။ “အာဖရိကတိုက်မှာ ဖြစ်ပွားနေတဲ့ သီးနှံစိုက်ခင်းများ ဖျက်အားကောင်းတဲ့ ကျိုင်းကောင်တွေဟာ လက်ရှိမှာ အိန္ဒိယနိုင်ငံမြောက်ပိုင်းကို ရောက်ရှိနေပြီဖြစ်ပြီး မြန်မာနိုင်ငံဘက်သို့ ရောက်ရှိလာနိုင်တဲ့ အလားအလာရှိတဲ့အတွက် သီးနှံစိုက်ခင်းတွေမှာ ကျိုင်းကောင်တွေ ရောက်ရှိလာရင် ကြိုတင်ကာကွယ်မှုများ ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်ပြီးတော့ သင်တန်းကို ဖွင့်လှစ်ပို့ချရခြင်းဖြစ်တယ်”ဟု ကသာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဖုန်းမောင်က ပြောသည်။
အဆိုပါသင်တန်းတွင် ကသာ၊ အင်းတော်၊ ဗန်းမောက်နှင့် ထီးချိုင့်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူးများနှင့် နည်းပညာပြန့်ပွားရေးစင်တာ တာဝန်ခံများ တက်ရောက်ပြီး သင်တန်းတက်ရောက်လာသူများက မိမိတို့တာဝန်ယူထားသည့် ကျေးရွာများနှင့် စိုက်ကွင်းများသို့ သွားရောက်ပြီး အသိပညာပေးခြင်းနှင့် ကင်းထောက်စစ်ဆေးခြင်း လုပ်ငန်းများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း၊ ကသာခရိုင်အတွင်း ကျန်ရှိနေသည့် ကောလင်း၊ ဝန်းသိုနှင့် ပင်လည်ဘူးမြို့နယ်များတွင်လည်း အဆိုပါသင်တန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


