သထုံ ၂၃ ဇွန်
မွန်ပြည်နယ် သထုံမြို့နယ် ဒုံဝန်းကျေးရွာတွင် ယခင်က မိရိုးဖလာ လက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် နှီးခမောက်ရက်လုပ်ခြင်းလုပ်ငန်းကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ခဲ့ကြသော်လည်း ယခုအချိန်တွင် လုပ်ကိုင်သူ လျော့နည်းလာကြောင်း နှီးခမောက်ရက် လုပ်ငန်းလုပ်ကိုင်သူများ၏ ပြောကြားချက်အရ သိသည်။
နှီးခမောက်ရက်လုပ်ငန်းမှာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေအဖြစ် ထောက်အပံ့ဖြစ်သော်လည်း စီးပွားမဖြစ်ထွန်းသည့် တစ်ပိုင်တစ်နိုင်လုပ်ငန်းဖြစ်တာကြောင့် လက်ဆင့်ကမ်းသင်ယူသူ နည်းပါးကာ လုပ်ကိုင်သူ လျော့နည်းလာခြင်းဖြစ်ကြောင်း နှီးခမောက်ရက်လုပ်ငန်း လုပ်ကိုင်လာသူ ဒေါ်ရွှေမယ်က ပြောသည်။
“အရင်ကတော့ တစ်ရွာလုံးနီးပါးပေါ့။ ခုတော့ သုံးပုံတစ်ပုံလောက်ပဲ ကျန်တော့တယ်။ ကလေးတွေက ဝင်ငွေပိုကောင်းတဲ့ ပြည်ပမှာ သွားအလုပ်လုပ်ကြတယ်။ ဒီလုပ်ငန်းကို စိတ်မဝင်စားကြဘူး။ ကျွန်မတို့ ဒီအလုပ်ကို လုပ်ကိုင်လာတာ နှစ်ပေါင်း ၃၀ လောက်ရှိပြီ။ အရင်ကတော့ ဒီလုပ်ငန်းနဲ့ပဲ မိသားစုစားဝတ်နေရေးကို ဖြေရှင်းပြီး အလှူအတန်းလည်းလုပ်နိုင်တယ်”ဟု ၎င်းက ပြောသည်။
နှီးခမောက်ရက်လုပ်ရာတွင် ဒေသအခေါ် ရွှေမှုန်ဝါး၊ ဝါးနွယ်ဝါးများဖြင့် အသုံးပြုရက်လုပ်ရပြီး ဝါးခွဲ၊ နှီးဖျာ၊ ဂွေချ၊ ရက်လုပ်၊ ဆေးဆိုးခြင်း စသည်ဖြင့် အဆင့်ငါးဆင့်ခန့် ရက်လုပ်ရကြောင်း လက်ရှိကာလတွင် လုပ်ကိုင်သူနည်းလာသဖြင့် ဈေးကောင်းရလာသလို ရက်လုပ်နိုင်တာထက်ပိုပြီး မှာယူမှုများလာကြောင်း သိရသည်။
လူတစ်ဦးရက်လုပ်လျှင် တစ်ရက်ကို နှီးခမောက်အချောထည် နှစ်လုံးခန့်ပြီးစီးနိုင်ပြီး အရွယ်အစားနှင့် အမျိုးအစားပေါ်မူတည်၍ လက်ရှိပေါက်ဈေး တစ်လုံးလျှင် အနိမ့်ဆုံး ငွေကျပ် ၁၆၀၀ မှ အမြင့်ဆုံး ငွေကျပ် ၂၈၀၀ ခန့်အထိ ရရှိကြောင်း သိရသည်။
အဆိုပါနှီးခမောက်များကို ဥယျာဉ်ခြံလုပ်ကိုင်သူ၊ လယ်ယာလုပ်သူ စသည့် အခြေခံကျေးလက် ပြည်သူတွေအများဆုံး အသုံးပြုကြပြီး ဝါးဖက်ခမောက်များထက် ပိုပြီးခိုင်ခန့်သောကြောင့် လူကြိုက်များကာ ဈေးကွက်လည်းရှိကြောင်း သထုံမြို့မဈေးမှ ဒေသထွက် ဝါးလက်မှုလုပ်ငန်းပစ္စည်း အရောင်းဆိုင်ပိုင်ရှင် ဦးသိန်းဟန်က ပြောသည်။
ဒုံဝန်းကျေးရွာမှ ရက်လုပ်သည့် နှီးခမောက်များမှာ ဒေသတွင်းလူကြိုက်များသည့်အပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့ကပါ လာရောက်မှာယူမှုများရှိကြောင်း သိရသည်။
သက်ဦး(သထုံ)


