တောင်တွင်းကြီး ၂၃ ဇွန် 

 

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် တောင်တွင်းကြီးမြို့နယ်အတွင်း စီစဉ်ဆောင်ရွက်ထားရှိသော ကန့်သတ်စောင့်ကြည့်ရေးစခန်းများ၌ စောင့်ကြည့်လျက်ရှိရာ ကံရှည် ဓမ္မအေးရိပ်ငြိမ်ကျောင်းနှင့် ရတနာပင်စည်တပ်ဦးကျောင်းတွင် Facility Quarantine ပြုလုပ်ထားသည့် နေရပ်ပြန်များအနက် အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၂၂ ဦး တို့အား (၂၁)ရက်ပြည့်မြောက်၍  ယမန်နေ့ နံနက်ပိုင်းက မိမိတို့နေအိမ်များသို့ ပြန်ရန် ခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

အသွားအလာ ကန့်သတ်စောင့်ကြည့်ခံယူခြင်း (၂၁)ရက်ပြည့်မြောက်ပြီး သတ်မှတ်နေရာ စောင့်ကြည့်ရေးစခန်းမှ မိမိနေအိမ်များသို့ပြန်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်အတိုင်း မိမိနေအိမ်တွင် Home Quarantine (၇)ရက် ပြန်လည်နေထိုင်ရန်၊ နှာခေါင်းစည်းများကို စနစ်တကျတပ်ဆင်အသုံးပြုရန်၊ လူစည်ကားရာနေရာများသို့ သွားခြင်းအား ရှောင်ကြဉ်ရန်၊ တစ်ကိုယ်ရည် အသုံးအဆောင်ပစ္စည်းများ သီးသန့်ထားရှိရန်၊ အိမ်သားများနှင့် ရောနှောနေထိုင်ခြင်းမပြုဘဲ တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင်ရန်၊ လက်ကိုမကြာခဏဆေးရန်၊ ဖျားနာ၊ ချောင်းဆိုး၊ အသက်ရှူကျပ်ခြင်းများ ဖြစ်ပေါ်လာပါက  နီးစပ်ရာကျန်းမာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန်တို့ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်လှိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ ကျန်းမာရေးမှူး ဦးခင်မောင်သင်းတို့က မှာကြားခဲ့ပြီး (၂၁)ရက်နေထိုင်ခဲ့ကြသည်မှာ မှန်ကန်ကြောင်း ဆေးလက်မှတ်ထောက်ခံချက် အသိအမှတ်ပြုကတ်ပြားများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

မြို့နယ် (ပြန်/ဆက်)