ထန်းတပင် ၂၃ ဇွန်
၂၃၀ ကေဗွီ ဝါးတရာ - အနောက်ပိုင်းတက္ကသိုလ် - (ရွာမ-လှိုင်သာယာ) မဟာဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်အတွင်းရှိ ဝါးတရာကျေးရွာအုပ်စု၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စုနှင့် ကလိန်ကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူများ၏ ထိခိုက်ပျက်စီးသွားသော စပါး၊ သီးနှံပင်များအတွက် သီးနှံလျော်ကြေးငွေများအား လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာနမှ ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
သီးနှံလျော်ကြေးငွေပေးအပ်ပွဲတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်းနှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ပြီး လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာ(၁) (ရန်ကုန်) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝေလင်းက သီးနှံလျော်ကြေးငွေပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးထွန်း၊ လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဦးစီးဌာန စီမံကိန်းမန်နေဂျာ(၁) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝေလင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းနှင့် တာဝန်ရှိသူများက ထန်းတပင်မြို့နယ်၊ ဝါးတရာကျေးရွာအုပ်စု၊ ဒိတ်ကုန်းကျေးရွာအုပ်စု၊ ရခိုင်ရိုးကြီးကျေးရွာအုပ်စုနှင့် ကလိန်ကျေးရွာအုပ်စုတို့မှ ဒေသခံတောင်သူ (၁၀၃)ဦးထံသို့ သီးနှံလျော်ကြေးငွေကျပ် စုစုပေါင်း ၂၃၆၉၈၀၅၀၀ ကို ပေးအပ်ခဲ့ကြကြောင်း သိရသည်။
သီးနှံလျော်ကြေးငွေများကို မြို့နယ်လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှုများ ပြန်လည်စိစစ်ရေးကော်မတီမှ သတ်မှတ်ထားသည့် နှုန်းများအတိုင်း သီးနှံလျော်ကြေးငွေကို ပေးအပ်ခြင်းဖြစ်ပြီး သီးနှံပျက်စီးမှုနှုန်းထားအနေဖြင့် တောင်သူတစ်ဦးနှင့် တစ်ဦး မတူညီကြောင်း စီမံကိန်းမန်နေဂျာ(၁) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ဝေလင်းက ရှင်းပြသည်။
ဇင်မင်းထိုက်(ပြန်/ဆက်)


