ရန်ကုန် ၂၃ ဇွန်
မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ လမ်းညွှန်ချက်များအတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော ဆင်းကတ်များသည် ဇွန် ၃၀ ရက် နောက်ပိုင်းတွင် ဖျက်သိမ်းခြင်းခံရမည်ဖြစ်ပြီး ထိုဆင်းကတ်များမှ ကျန်ရှိသော သုံးစွဲသူလက်ကျန်ငွေအားလုံးကို PTD ၏ ညွှန်ကြားချက်အတိုင်း အစိုးရသို့ လွှဲပြောင်းပေးသွားမည်ဖြစ်ကြောင်း တယ်လီနောမြန်မာမှ ယနေ့သတင်းထုတ်ပြန်ထားသည်။
ထို့ပြင် ဖျက်သိမ်းခံရသော ယင်းကဲ့သို့ ဆင်းကတ်ဖျက်သိမ်းခြင်းခံရသော သုံးစွဲသူများသည် မည်သည့်လျော်ကြေးမျှ ရရှိမည်မဟုတ်သည့်အပြင် ဇွန် ၃၀ နောက်ပိုင်းတွင် ဆင်းကတ်ပြန်လည်မှတ်ပုံတင်ခြင်းများကိုလည်း ပြုလုပ်နိုင်တော့မည် မဟုတ်ပေ။
မြန်မာ့ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန (PTD) ၏ လမ်းညွှန်ချက်များအရ ဆင်းကတ်အားလုံးသည် စိစစ်အတည်ပြုနိုင်သော သက်သေခံကတ် (မြန်မာနိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်ပြား၊ နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) ဖြင့် မှတ်ပုံတင်ရမည်ဖြစ်သည်။ သုံးစွဲသူတစ်ဦးချင်းစီသည် အော်ပရေတာတစ်ခုလျှင် ဆင်းကတ် ၂ ခုသာ ကိုင်ဆောင်ခွင့်ရှိမည်ဖြစ်သည်။
ထိုလမ်းညွှန်ချက်များသည် မြန်မာနိုင်ငံရှိ မိုဘိုင်းအော်ပရေတာအားလုံးအနေဖြင့် တန်းတူညီမျှ လိုက်နာလုပ်ဆောင်ရမည် ဖြစ်သည်။
မေသက်ထား


