ကွတ်ခိုင် ၂၃ ဇွန်

 

ဇွန်(၂၆)ရက်တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကွတ်ခိုင်မြို့၊ မြို့မရဲစခန်း၌ အမှုဖွင့်ထားသည့် မူးယစ်ဆေးဝါး အမှုစုစုပေါင်း(၅၅)မှုမှ ကာလတန်ဖိုးစုစုပေါင်း(၃ ဒသမ ၃၈) ဘီလီယံကျော်ရှိ သက်သေခံ ထိန်းချုပ်ဓာတုပစ္စည်း အမျိူးအစားစုစုပေါင်း(၄၇)မျိုးနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာ၌ အသုံးပြုသည့် ဆက်စပ်ပစ္စည်းအမျိုးအစားစုစုပေါင်း (၅၀) တို့ကို မြေမြှုပ်ဖျက်ဆီးသည့် အခမ်းအနားကို ယနေ့နံနက်(၉)နာရီက ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်ခရိုင် ကွတ်ခိုင်မြို့ ကချင်သုဿန်အနီး အမှိုက်စွန့်ပစ်သည့်နေရာ၌ ကျင်းပသည်။

 

အခမ်အးနားသို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်အောင်ဇော်အေး၊ ပြည်နယ်/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။

 

အခမ်းအနားတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သူဇော်က အမှာစကားပြောကြားပြီး မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး အောင်ထိန်လင်းက ဖမ်းဆီးရမိဓာတုပစ္စည်းများနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

 

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အောင်ဇော်အေးနှင့်အတူ တာဝန်ရှိသူတို့က ဖျက်ဆီးမည့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြုသည့် ထိန်းချုပ်ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို လိုက်လံကြည့်ရှုဖျက်ဆီးသည်။

 

အဆိုပါ ဖျက်ဆီးသည့် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ကွတ်ခိုင်မြို့နယ်၊ ကောင်းခါးကျေးရွာအုပ်စု၊ လွယ်ခန်ကျေးရွာအနီးတစ်ဝိုက်တွင် တပ်မတော်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ဖေဖော်ဝါရီ(၂၀)ရက်မှ မေ(၁)ရက်အထိ ဖမ်းဆီးရမိခြင်းဖြစ်ပြီး မူဆယ်ခရိုင်၊ ပူးပေါင်းအဖွဲ့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိရေးအတွက် အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

 

ဇွန်(၂၆)ရက်တွင် ကျရောက်မည့် (၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးစားမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့တွင် လားရှိုးမြို့တွင်လည်း မူးယစ်ဆေးဝါးများနှင့် ဆက်စပ်ပစ္စည်းများကို ထပ်မံဖျက်ဆီးသွားမည်ဖြစ်ကြောင်း သိရသည်။

 

ဆလိုင်းဗန်ရိုးထန်(ပြန်/ဆက်)