ဟားခါး ၂၃  ဇွန်

 

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ ဦးဆောင်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနတို့ ပူးပေါင်း၍ ချင်းပြည်နယ်၏ မြို့တော် ဟားခါးမြို့ကို မြို့တော်အင်္ဂါရပ်နှင့်အညီ သာယာရေး၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေးအတွက် ယနေ့နံနက် ၉ နာရီခွဲက ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီးဘေး ဝဲ၊ ယာ တစ်လျှောက်တွင် ချယ်ရီပင်များနှင့် စိန်ပန်းပြာပင်များကို စတင်စိုက်ပျိုးခဲ့ကြကြောင်း သိရှိရသည်။

 

ဟားခါးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦး၊ ဟားခါးမြို့နယ် သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦးနှင့် ဝန်ထမ်းများ၊ မြို့နယ်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ဟားခါးမြို့ပေါ်ရှိရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် အရပ်ဘက်လူငယ်အသင်းအဖွဲ့များ ပါဝင်သည့် စုပေါင်းအဖွဲ့တို့က အုပ်စု (၃) စုဖွဲ့၍ ဇွန် ၂၃ရက်တွင် စတင်စိုက်ပျိုးခဲ့ကြပြီး ဇွန် ၂၅ ရက်အထိ ၃ ရက်ကြာ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

ချယ်ရီပျိုးပင် ၂၄၈ ပင်၊ စိန်ပန်းပြာ ပျိုးပင် ၁၀ ပင်၊ စုစုပေါင်း ပျိုးပင် ၂၅၈ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း၊ မြို့ပေါ်ရပ်ကွက်ရှိ ဒေသခံပြည်သူများအနေဖြင့် မိုးရာသီကာလအတွင်း မိမိအိမ်ပတ်ဝန်းကျင်တွင်  စိုက်ပျိုးလိုပါကလည်း မြို့နယ်သစ်တော ဦးစီးဌာနတွင် ပျိုးပင်များ အခမဲ့ထုတ်ယူနိုင်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးသန်းထွန်းဦး၏ ပြောကြားချက်အရ သိရှိရသည်။

 

ခရိုင်ပြန်/ဆက်