နေပြည်တော် ၂၃ ဇွန်
အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် ဗြိတိန်နိုင်ငံခြားရေးနှင့် ဓနသဟာယရုံးနှင့် နိုင်ငံတကာ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အာရှရေးရာ ဝန်ကြီး The Rt. Hon Nigel Adams MP အား ၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၂၃ ရက်နေ့ (၁၅၀ဝ) နာရီတွင် ဗီဒီယိုကွန်ဖရင့်ဖြင့် လက်ခံဆွေးနွေးခဲ့သည်။
ထိုသို့ ဆွေးနွေးရာတွင် နှစ်နိုင်ငံ၏ COVID-19 ကူးစက်ရောဂါဆိုင်ရာ ကာကွယ်ထိန်းချုပ်ရေး၊ ကုသရေးလုပ်ငန်း အတွေ့အကြုံများ၊ COVID-19 ကြောင့် ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေးတို့ အပေါ် သက်ရောက်မှုများ၊ မြန်မာအစိုးရ၏ COVID-19 ကာကွယ်ထိန်းချုပ်၊ ကုသရေးအတွက် ဗြိတိန်နိုင်ငံမှ အကူအညီပေးနေမှုအပါအဝင် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများ အကောင်အထည်ဖော်မှု အခြေအနေများ၊ မြန်မာနိုင်ငံမှ ချမှတ်ထားသည့် COVID-19 ကြောင့် စီးပွားရေး ထိခိုက်မှု ကုစားရေး လုပ်ငန်း အစီအစဉ်အတွက် အကူအညီများပေးနိုင်ရေး ကိစ္စများနှင့် နှစ်နိုင်ငံကုန်သွယ်မှု မြှင့်တင်ရေး ကိစ္စများနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
ပြည်ထောင်စုဝန်ကြီးက ဗြိတိန်နှင့် အခြားဥရောပနိုင်ငံများသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား ပြန်လည်ခေါ်ဆောင်နိုင်ရေး ဗြိတိန်အစိုးရဘက်မှ ကူညီပံ့ပိုးပေးခဲ့မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပြီး၊ ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်တိုးတက်မှု အခြေအနေ၊ လူသားချင်းစာနာမှု အကူအညီပေးအပ်ရေး ကိစ္စနှင့် ပြည်တွင်းငြိမ်းချမ်းရေးနှင့် စပ်လျဉ်းသော ဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ထို့ပြင် ဗြိတိန်မှ အာဆီယံနှင့် ဆွေးနွေးဖက် ဆက်ဆံရေးထူထောင်ရန် အဆိုပြုထားသည့်ကိစ္စ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကွန်ဗင်းရှင်းအဖွဲ့ဝင် နိုင်ငံများ ကွန်ဖရင့်ကျင်းပရေး ကိစ္စနှင့် ကာဗွန်လျှော့ချရေးအတွက် နည်းပညာ ကူညီပံ့ပိုးရေး ကိစ္စအပါအဝင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြသည်။
Credit#နိုင်ငံခြားရေးဝန်ကြီးဌာန


