တောင်ကြီး ၂၃  ဇွန်

 

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လျှပ်စစ်၊ စွမ်းအင်နှင့် စက်မှုဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းနှင့် ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီဝင်များ၊ ပရဟိတ အဖွဲ့ဝင်များသည် ယနေ့တွင် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ပလောင်တိုင်းရင်းသားများနေထိုင်ရာ ရပ်စောက်ဒေသသို့ သွားရောက်၍ စားနပ်ရိက္ခာများ ဆက်လက်ထောက်ပံ့လှူဒါန်းသည်။

 

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် နံနက်ပိုင်းတွင် ရပ်စောက်မြို့ ဘုရားဖြူကျေးရွာသို့ ရောက်ရှိကြပြီး ကျေးရွာရှိ ဓနုတိုင်းရင်းသားအခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀)စီတို့ကို ပေးအပ်လှူဒါန်းကာ ကြာအင်းကျေးရွာ၌ သရက်သီးထုပ်ပိုးမှုစက်ရုံသို့ ဝင်ရောက်ကြည့်ရှုကြသည်။

 

ထို့နောက် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် လဲမားရွာသို့ ရောက်ရှိပြီး ရှမ်း၊ ပအိုဝ်း၊ တိုင်းရင်းသားအခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် (၁၀၀၀၀)စီ တို့ကို ပေးအပ်လှူဒါန်းပြီး ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက လဲမားရွာ အခြေခံ ပညာမူလတန်းကျောင်း ရန်ပုံငွေအတွက် ငွေကျပ်(၁၅)သိန်း ကို ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် ရေဦးရွာတွင်နေထိုင်သည့် ဓနု၊ ပလောင်တိုင်းရင်းသားများအား စားနပ်ရိက္ခာထုပ်များနှင့်ငွေကျပ် (၁၀၀၀၀) စီတို့ကို လည်းကောင်း၊ ဝက်ကျခဲရွာနေ ဓနု၊ ပလောင်တိုင်းရင်းသား အခြေခံပြည်သူများအား စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ် (၁၀၀၀၀) စီတို့ကိုလည်းကောင်း ပေးအပ်လှူဒါန်းသည်။

 

ထိုမှတစ်ဆင့် ရပ်စောက်မြို့ ရန်အောင်မြေကျောင်းသို့ရောက်ရှိပြီး ဆန်၊ ဆီ၊ လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဒေသခံ ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ပလောင် တိုင်းရင်းသား အခြေခံပြည်သူများအား စားနပ်ရိက္ခာ ထုပ်များနှင့် ငွေကျပ် (၁၀၀၀၀) စီတို့ကို ဆက်လက်ထောက်ပံ့ လှူဒါန်းခဲ့ကြသည်။

 

ထို့နောက် စျေးတန်းဘုန်းကြီးကျောင်းသို့ ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း ဆရာတော်၊ သံဃာတော်များ ဆွမ်း၊ ကွမ်း အခက်အခဲ မရှိစေရန်အတွက် ဆန်၊ ဆီနှင့်လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းရာ ကမ္ဘောဇဘဏ်နာယက ဦးအောင်ကိုဝင်းက စျေးတန်းဘုန်းကြီးကျောင်း ဆွမ်းစား ကျောင်းဆောင် ဆောက်လုပ်ရန်အတွက် အလှူငွေကျပ်သိန်း(၂၀၀)ကို လှူဒါန်းသည်။ ယင်းနောက် ရှမ်း၊ ပအိုဝ်း၊ ဓနု၊ ပလောင်တိုင်း ရင်းသားအခြေခံပြည်သူများသို့ စားနပ်ရိက္ခာထုပ်များနှင့် ငွေကျပ်(၁၀၀၀၀) စီ တို့ကိုဆက်လက် လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

 

စိုးညွန့်ရွှေ (ပြည်နယ် ပြန်/ဆက်)