ရန်ကုန် ၂၃ ဇွန် 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ် ရန်ကုန်စတော့အိတ်ချိန်းမှ စတော့ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဗဟုသုတများအကြောင်း လွယ်လင့်တကူ သင်ကြားနိုင်ရန်အတွက် အွန်လိုင်းအသုံးပြု၍ အခြေခံစတော့ ရင်းနှီးမြှုပ်နှံမှု သင်တန်းကို မကြာမီဖွင့်လှစ်သင်ကြား ပို့ချမည်ဖြစ်ကြောင်း သိရသည်။


အဆိုပါသင်တန်းကို စီးပွားရေးနှင့် ဘဏ္ဍာရေးပညာရပ်များအား လေ့လာဆည်းပူးနေသော ကျောင်းသားများ၊ စတော့ဈေးကွက်တွင် ရင်းနှီးမြုပ်နှံရန် စိတ်ဝင်စားသူများ၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးကုမ္ပဏီများတွင် အလုပ်လုပ်ရန် ရည်မှန်းထားသူများ၊ ဘဏ္ဍာရေးဈေးကွက်တွင် ရေရှည်ရင်းနှီးမြုပ်မှုပြုလုပ်ရန် အခြေခံမှစ၍ လေ့လာလိုသူများအတွက် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။


Online Basic Stock Investment Training Course – 001/2020 သင်တန်းကို ဇွန်လ ၂၇ ရက်နေ့တွင် စတင် ဖွင့်လှစ်မည်ဖြစ်ပြီး အပတ်စဉ် စနေနေ့ မနက် ၉ နာရီတွင် သင်တန်းအပတ်အစဉ်အလိုက် သက်ဆိုင်သည့် သင်ခန်းစာများအတွက် ပို့ချမှု ပါဝါပွိုင့်များ၊ သင်ကြားမှုဗီဒီယိုဖိုင်များ၊ ဆန်းစစ်ချက် မေးခွန်းများကို Google Classroom မှတစ်ဆင့် Upload ပြုလုပ်ပေးမည်ဖြစ်ပြီး သင်ခန်းစာနှင့်ပတ်သက်၍ မေးမြန်းလိုပါက Class Comment Box မှတစ်ဆင့်မေးမြန်းနိုင်မည်ဖြစ်ကြောင်း သိရသည်။


သင်တန်းသားများအနေဖြင့် မိမိအိမ်တွင် နေထိုင်ရင်း သီတင်း ၅ ပတ်အတွင်း မြန်မာနိုင်ငံ၏ အရင်းအနှီး ဈေးကွက်များအကြောင်း၊ စာရင်းဝင် ကုမ္ပဏီများအကြောင်းနှင့် စတော့ရင်းနှီးမြုပ်နှံမှုဆိုင်ရာ ဗဟုသုတများကို တစ်နေရာတည်းတွင် ရရှိသင်ကြားနိုင်ရုံသာမက မြန်မာနိုင်ငံတွင် မည်သည့်နေရာတွင် နေထိုင်သည်ဖြစ်စေ မိုဘိုင်းဖုန်း၊ ကွန်ပျူတာများမှ အင်တာနက်ရှိရုံဖြင့် တက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။ သင်တန်းတွင် ရန်ကုန်စတော့အိတ်ချိန်း၌ လက်ရှိတာဝန်ထမ်းဆောင်နေသာ ဆရာများသာမက ပြင်ပမှဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကျွမ်းကျင်ပညာရှင်များမှလည်း သင်ကြားပို့ချပေးမည်ဖြစ်ကြောင်း သိရသည်။   


အွန်လိုင်းအသုံးပြု အခြေခံစတော့ရင်းနှီးမြုပ်နှံမှုသင်တန်းကို Google Classroom Application အသုံးပြုပုံ (User Manual Guide) အား သင်တန်းတက်ရောက်ရန် စာရင်းပေးသွင်းမှု အတည်ပြုပြီးပါက အီးမေးလ်းဖြင့် ပေးပို့မည်ဖြစ်ပြီး Application အသုံးပြုပုံနှင့် ပတ်သက်သည့် မရှင်းလင်းသည့် အချက်အလက်များရှိပါက ဖုန်း နံပါတ် ၀၉၇၅၈၉၈၁၅၉၁ (သို့) ရန်ကုန်စတော့အိတ်ချိန်း၏ ဖေ့စ်ဘုတ်မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်မေး မြန်းနိုင်ကြောင်း သိရသည်။

 


ထင်ပေါ်ဝင်း(ကမာရွတ်)