ရန်ကုန် ၂၃  ဇွန်

 

ကိုဗစ်ကာလအတွင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးမှ စားဝတ်နေရေး ငွေကြေးအကြပ်အတည်း ဖြစ်ပေါ်နေသည့် ရုပ်ရှင်ဗီဒီယိုလောကသားများအား ဆန်၊ ဆီ အပါဝင် စားနပ်ရိက္ခာများ တတိယကြိမ်မြောက် လှူဒါန်းမှုကို ဇွန် ၂၂ ရက် မှ ဇွန် ၂၄ ရက်အထိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး (ဗဟို) ၌ လှူဒါန်းပေးလျက်ရှိသည်။

 

“ကျွန်တော်တို့ ကိုဗစ်ဖြစ်နေတဲ့ ကာလမှာတော့ စားဝတ်နေရေး ငွေကြေးအကြပ်အတည်း ဖြစ်ပေါ်နေတဲ့ ရုပ်ရှင်လောကသားတွေကို တတိယ အကြိမ် ဆန်၊ ဆီ အပါဝင် စားနပ်ရိက္ခာများ ထောက်ပံ့ပေးတာလည်း ဖြစ်ပါတယ်။ တကယ်တမ်းတော့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဝင် Member အသင်းကဒ်ရှိသူ (၄၀ဝ၀) နီးပါးရှိတာပါ။ အကြပ်အတည်း ဖြစ်နေတဲ့ လောကသားတွေက (၁၅၀ဝ) ရှိပါတယ်” ဟု မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး ဥက္ကဋ္ဌ ဦးညီညီထွန်းလွင်က ပြောကြားသည်။

 

အဆိုပါ လှူဒါန်းမှုကို ဇွန် ၂၂ ရက်တွင် စက်မှုအခြေခံအလွှာကို လည်းကောင်း၊ ဇွန် ၂၃ ရက်တွင် ဇာတ်ပို့ ဇာတ်ရံ အခြေခံအလွှာကို လည်းကောင်း၊ ဇွန် ၂၄ ရက်တွင် ထုတ်လုပ်သူ၊ ဒါရိုက်တာ၊ အဓိကသရုပ်ဆောင်၊ ဇာတ်လမ်း ဇာတ်ညွှန်း၊ ဗီဒီယို၊ တည်းဖြတ်၊ အုပ်ချုပ်ဖြန့်ချိ၊ ပြဇာတ် နှင့် နောက်ခံတေးဂီတ အလွှာအသီးသီးတို့အားလည်းကောင်း အသင်းဝင်တစ်ဦးလျှင် ဆန် ခြောက် ပြည်၊ ဆီ၊ ပဲ၊ ငါးသေတ္တာဘူးကြီး သုံးဘူး၊ CB KMA Foundation မှ ကျပ်တစ်သောင်း၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကျပ် နှစ်သောင်း တို့ ပါဝင်လှူဒါန်းကြကြောင်း သိရသည်။

 

“အခုလို ထောက်ပံ့လှူဒါန်းပေးတာကောင်းပါတယ်၊ ရေငတ်တုန်း ရေတွင်းထဲကျသလိုပေါ့၊ အစားအသောက်က အဓိကဖြစ်နေတော့ လိုအပ်တာလေးကို နိုင်သလောက်လာပြီးဖြည့်ဆည်းပေးတာ နည်းတဲ့ကုသိုလ် မဟုတ်ပါဘူး။ ကျေးဇူးလည်းပြီးသလို ကျေးဇူးလည်းတင်ပါတယ်။ အဖွဲ့သားတွေရဲ့ကိုယ်စား အထူးကိုကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” ဟု ဟာသရုပ်ဆောင် လူရွှင်တော် ဦးချစ်စရာက ပြောသည်။

 

ရွှေမြိုင်မောင်ဖုန်း