နေပြည်တော် ၂၃ ဇွန်
ဝန်ကြီးဌာန၏ နိုင်ငံတစ်ဝန်းတွင် ကျန်းမာရေး သတင်းအချက်အလက်စနစ်နှင့် ပတ်သက်၍ ဆောင်ရွက်နေသော လုပ်ငန်းများ၊ ပိုမိုတိုးတက် ကောင်းမွန်စေရေးနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေး ဝန်ကြီးဌာန၌ ပြုလုပ်သည်။
ရှေးဦးစွာ ကျန်းမာရေး သတင်းအချက်အလက်ဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာစန်းဟုန်က ကျန်းမာရေး သတင်းအချက်အလက်စနစ်နှင့် ပတ်သက်၍ ခြုံငုံသုံးသပ်တင်ပြခြင်းကို ဆောင်ရွက်ခဲ့ရာတွင် ကျန်းမာရေး သတင်းအချက်အလက်ဌာနခွဲ၏ ဖွဲ့စည်းပုံနှင့် လုပ်ငန်းတာဝန်များ၊ လုပ်ငန်းလမ်းညွှန်များ၊ စာရင်းဖြည့်စွက်မှု ပုံစံများ၊ ကျန်းမာရေး သတင်းအချက်အလက် အစီရင်ခံစာများကို စာအုပ်ရိုက်နှိပ်ဖြန့်ဝေမှု၊ အင်တာနက်စာမျက်နှာမှ ဖြန့်ဝေမှု၊ စီမံခန့်ခွဲမှု ကျန်းမာရေး သတင်းအချက်အလက် စနစ် (DHIS 2) ကို အသုံးချ ဆောင်ရွက်နေမှု၊ လုပ်ငန်းအခက်အခဲ၊ စိန်ခေါ်မှုနှင့် လိုအပ်ချက်များကို တင်ပြခဲ့ပြီး၊ အီလက်ထရောနစ် ကျန်းမာရေးကို လက်ရှိတွင် အသုံးပြု ဆောင်ရွက်နေသည့် အခြေအနေ၊ ဆက်လက်၍ သတင်းအချက်အလက်စနစ်များကို ပေါင်းစပ်ချိတ်ဆက် အသုံးချသွားရန် ကနဦးရှေ့ပြေးစမ်းသပ် ဆောင်ရွက်သွားမည့် လုပ်ငန်းများအပါအဝင် ကျန်းမာရေး သတင်းအချက်အလက် ပိုမိုကောင်းမွန် တိုးတက်ရေးလုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြသည်။
ထို့နောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဝင်းအိအိသော်က ပြည်သူ့ကျန်းမာရေး၊ ဆေးရုံပိုင်းဆိုင်ရာနှင့် ပုဂ္ဂလိက ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဆိုင်ရာ သတင်း အချက်အလက်များကို စုစည်းကောက်ယူမှု နှင့် သတင်းအချက်အလက် ဆန်းစစ် သုံးသပ်ချက်များနှင့် အစီရင်ခံစာများ ဖြန့်ဝေမှု၊ ကိုဗစ်-၁၉ ရောဂါစောင့်ကြပ် ကြည့်ရှုမှုလုပ်ငန်းများတွင် စီမံခန့်ခွဲမှု အထောက်အကူပြု ကျန်းမာရေး သတင်းအချက်အလက်စနစ် (DHIS 2) ဖြင့် သတင်းအချက်အလက် ပေးပို့နေမှု၊ ဆေးဘက်ဆိုင်ရာ နည်းပညာ တက္ကသိုလ် (ရန်ကုန်) နှင့် ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (မန္တလေး) တို့တွင် (၂၀၁၈) ခုနှစ်မှ စတင်၍ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ကျန်းမာရေးသတင်းအချက်အလက်) (B. Med. Tech (Health Information)) (၄) နှစ် သင်တန်းများဖြင့် လေ့ကျင့်မွေးထုတ်နေမှု တို့အားလည်းကောင်း ရှင်းလင်း တင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ကျန်းမာရေး စောင့်ရှောက်မှု မဟာဗျူဟာများ၊ လမ်းပြမြေပုံများ၊ လုပ်ငန်းနည်းဗျူဟာနှင့် လုပ်ငန်းစဉ်များ၊ မူဝါဒများ ချမှတ်ဆောင်ရွက်ရာတွင် ခိုင်မာတိကျသည့် ကျန်းမာရေး စာရင်းဇယားနှင့် သတင်းအချက်အလက်များ ရရှိမှုအတိုင်းအတာ၊ လွှမ်းခြုံမှုနှင့် မှန်ကန်မှုတို့သည် အထူးအရေးကြီးပါကြောင်း၊ ကျန်းမာရေး သတင်းအချက်အလက်စနစ် ကောင်းမွန်ခြင်းဖြင့် နိုင်ငံ၏ ကျန်းမာရေးပြဿနာနှင့် ရောဂါဖြစ်ပွားမှုနှင့် သေဆုံးမှုတို့ကို တိကျစွာ နေရာဒေသအလိုက် ဖော်ထုတ်နိုင်မည်ဖြစ်ပြီးလိုအပ်မည့် ကျန်းမာရေးဝန်ဆောင်မှုများ၊ စွမ်းဆောင်ရည် မြှင့်တင်မှုများ၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ် ထုတ်လုပ်မှုပုံစံများ စသည်တို့ မှန်ကန်ပြည့်စုံစွာ သိရှိနိုင်ကာ ဖြည့်ဆည်းဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး သတင်းအချက်အလက်စနစ်တွင် စာရင်းအင်း ပညာရှင်များနှင့် ကျန်းမာရေး သတင်းအချက်အလက်ပညာရှင်များ၏ အခန်းကဏ္ဍသည် အရေးကြီးပါကြောင်း၊ အဆိုပါပညာရှင်များကို ပြည်သူ့ကျန်းမာရေး၊ ကုသရေးပညာရှင်များနှင့် တွဲဖက်ကာ သတင်းအချက်အလက်များကို ဆန်းစစ်ခြင်း၊ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်းနှင့် မျှော်မှန်းတွက်ချက်ခြင်းများကို ဆောင်ရွက်စေရမည် ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (၂) ခုတွင် ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ (ကျန်းမာရေးသတင်းအချက်အလက်) (B. Med. Tech (Health Information)) ပညာရှင်များ မွေးထုတ်လေ့ကျင့်နေသည်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအတွက် ရေရှည်တွင် လွန်စွာအကျိုးရှိမည်ဖြစ်ပါကြောင်း၊ အဆိုပါ ဆေးဘက်ဆိုင်ရာ နည်းပညာဘွဲ့ရ ကျန်းမာရေးသတင်းအချက်အလက် ပညာရှင်များ ပေါ်ထွက်လာချိန်တွင် ဝန်ကြီးဌာန၏ လုပ်ငန်းခွင်တွင် တာဝန်ထမ်းဆောင်ရန်အတွက် ဖွဲ့စည်းပုံများ ကြိုတင်ရေးဆွဲထားရှိရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေး စီမံချက်များအနေဖြင့် လက်ရှိကောက်ယူနေသည့် စာရင်းဇယား၊ သတင်းအချက် အလက်များကို ခြုံငုံဆန်းစစ် သုံးသပ်မှုများပြုလုပ်ကာ တူညီသည့် အချက်အလက်များကို တစ်စုတစ်စည်းတည်း ပူးတွဲကောက်ယူခြင်းနှင့် လိုအပ်သည့် အချက်အလက်များကိုသာ ကောက်ယူခြင်းတို့ကို လုပ်ဆောင်ရမည့်အပြင် သတင်းအချက်အလက် ပေးပို့သူများထံသို့ တုံ့ပြန်ချက် (feedback) ပေးမှုကိုလည်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးစီမံချက်များ အနေဖြင့် ကောက်ယူထားသည့် စာရင်းဇယားနှင့် သတင်းအချက်အလက်များကို အမြဲမပြတ် ဆန်းစစ်သုံးသပ်မှုများ ပြုလုပ်၍ အချက်အလက်များအပေါ် မူတည်ကာ သက်ဆိုင်ရာ ကျန်းမာရေးစီမံချက် လုပ်ငန်းစဉ်များကို တုံ့ပြန်ဆောင်ရွက်ခြင်းနှင့် မွမ်းမံဆောင်ရွက်ခြင်းတို့ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ကြီးကြပ် (၂) များကိုလည်း ကျန်းမာရေး စာရင်းဇယားနှင့် သတင်းအချက်အလက်များ ကောက်ယူခြင်းနှင့် ဖြည့်စွက်ခြင်း လုပ်ငန်းများတွင် ပါဝင်စေပြီးအသုံးချ ဆောင်ရွက်စေလိုပါကြောင်း၊ စာရင်းဇယားနှင့် သတင်း အချက်အလက်များကို ဆန်းစစ်ခြင်းနှင့် ခွဲခြမ်းစိတ်ဖြာ သုံးသပ်ခြင်း စွမ်းဆောင်ရည်မြှင့် သင်တန်းများကိုလည်း ပြုလုပ်စေလိုပါကြောင်း၊ ကျန်းမာရေး သတင်းအချက်အလက် ဆန်းစစ်သုံးသပ်မှုကိုလည်း ဝန်ကြီးဌာန၏ လေးလပတ်အစည်းအဝေးများတွင် တင်ပြဆွေးနွေးရမည်ဖြစ်ပါကြောင်း၊ လက်တွေ့မြေပြင် အချိန်နှင့် တစ်ပြေးညီ ရရှိသည့် တိကျမှန်ကန်သော သတင်းအချက်အလက်များကို ဝန်ကြီးဌာန၏ လုပ်ငန်းများတွင် အသုံးချကာ ဆက်လက်ဆောင်ရွက်သွားကြစေလိုပါကြောင်း ပြောကြားသည်။
ထို့နောက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ ဘဏ္ဍာ) ဒေါ်အေးအေးစိန် နှင့် တာဝန်ရှိသူများက ကျန်းမာရေး သတင်းအချက်အလက်စနစ်တစ်ခုလုံး ပိုမိုကောင်းမွန်စေရေး အကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်


