ကလေး ၂၃ ဇွန်
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာန၏ ၂၀၁၉- ၂၀၂၀ ပြည့်နှစ် ငါးလုပ်ငန်းရာသီအတွက် ကလေးခရိုင်အတွင်းရှိ ဂရန်အင်းတစ်နေရာနှင့် တင်ဒါ(ငါးဖမ်းကွက်) ၁၈ ကွက်တို့ကို သက်ဆိုင်ရာရပ်ကွက်/ကျေးရွာ အုပ်စုအတွင်းရှိ ရေလုပ်ငန်းလုပ်ကိုင်သူများအတွက် ဈေးပြိုင်စနစ်ဖြင့် အိတ်ဖွင့် လေလံ တင်ရောင်းချပေးခြင်းကို ယနေ့နံနက်ပိုင်းက ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးရုံး၌ ပြုလုပ်ခဲ့သည်။
အဆိုပါ အိတ်ဖွင့်လေလံပွဲတွင် ကလေးမြို့နယ်ရှိ ရာဇဂြိုဟ် အင်း၊ ကလေးဝမြို့နယ် ဝဲဒေါင့်၊ လောင်းကတိတ်၊ ဂဇက်၊ ကျွဲကူး၊ မာန်လုံ၊ ရွှေတောင်၊ တုန်နန်း၊ ခုံကြီးကျေးရွာရှိ စုစုပေါင်း ငါးဖမ်းကွက်ရှစ်ကွက်နှင့် မင်းကင်းမြို့နယ် အင်ကုန်းကြီး၊ ရှားတော၊ ကံ၊ ကျွန်းတော်၊ ငါးသော်သေ /ယားချောင်း၊ ပင်တင်း၊ ပန်းဆက်၊ ဘိုင်၊ တုံ၊ ဘင်ကျေးရွာရှိ စုစုပေါင်းငါးဖမ်းကွက် ၁၀ ကွက်တို့ဖြစ်ကြကြောင်း ကလေးခရိုင်ငါးလုပ်ငန်း ဦးစီးဌာနမှ သိရသည်။
အဆိုပါလေလံပွဲသို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ခရိုင်/ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ငါးလုပ်ငန်း နှင့်ပတ်သက်၍ ခရိုင်နှင့်မြို့နယ်အဆင့် မိတ်ဖက်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ လေလံဆွဲဝယ်သူ လုပ်ငန်းရှင်များ တက်ရောက်ကြသည်။
ထို့အတူ ကလေးခရိုင်ငါးလုပ်ငန်းဦးစီးဌာနတွင် ဇွန် ၄ ရက်ကလည်း ကလေးခရိုင် ကလေးမြို့နယ်နှင့် မင်းကင်းမြို့နယ်ရှိ ဂရန်အင်းစုစုပေါင်း ၁၁ နေရာကို ဈေးပြိုင်စနစ်ဖြင့် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ပထမအကြိမ်အိတ်ဖွင့် လေလံတင်ရောင်းချခဲ့ကြောင်း သိရသည်။
ကလေးခရိုင်ပြန်/ဆက်


