ရန်ကုန် ၂၃  ဇွန်

 

အစိုးရကိုယ်စားလှယ်များနှင့် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းကိုယ်စားလှယ်များ (NCA - S EAO)  ၏ စတုတ္ထအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC)တွင်  ကျင်းပသည်။

 

အစည်းအဝေးသို့ အစိုးရကိုယ်စားလှယ်များအဖြစ် အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေး ဗဟိုဌာနဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်၊ ဒုတိယဗိုလ်ချုပ်ကြီးမင်း နောင်နှင့် ဒုတိယဗိုလ်ချုပ်ကြီး တင်မောင်ဝင်း၊ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးပြုံးချို(ခ)ဦးဌေးဝင်းအောင်၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးလှမောင်ရွှေ၊ ဦးမိုးဇော်ဦးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့တက်ရောက်ကြပြီး NCA - S EAO ကိုယ်စားလှယ်များအဖြစ် NCA အကောင် အထည်ဖော်မှု ဆိုင်ရာမူဘောင်ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်း၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်း၊ ညှိနှိုင်းရေးအဖွဲ့ဝင်များဖြစ်ကြသည့် ဦးလှဌေး၊ စောမြရာဇာလင်း၊ ဒေါက်တာလျန်မှုန်းဆာခေါင်း၊ ဆလိုင်းထလာဟေး၊ စောစိန်ဝင်း၊ ပဒိုစောတာဒိုမူး၊ ပဒိုစောအယ်ကလူစေး၊ ကြာဆော်လမွန်၊ စောကျော်ညွန့်၊ နိုင်အောင်မငေး၊ ဒေါက်တာစိုင်းဦးနှင့် ခွန်မြင့်ထွန်းတို့ တက်ရောက်ကြပြီး ကိုဗစ်-၁၉ ကြောင့် အစည်းအဝေးသို့ မတက်ရောက်နိုင်သည့် အဝေးရောက် ကိုယ်စားလှယ်များသည် Online Video Conferencing ဖြင့် တက်ရောက်သည်။

 

အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဒုတိယဥက္ကဋ္ဌ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦးက အဖွင့်အမှာစကားပြောကြားရာ၌  ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြီးစီးခဲ့သည့် (၈) ကြိမ်မြောက် JICM အစည်း အဝေးက ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက်များကို ဆက်လက် အကောင်အထည်ဖော်ရန်အတွက် နှစ်ဖက်ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့များသည် ညှိနှိုင်းအစည်းအဝေး (၃)ကြိမ်၊  အလွတ်သဘောတွေ့ဆုံမှု (၁) ကြိမ် စုစုပေါင်း (၄)ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ဖြစ်ပါကြောင်း၊ အဆိုပါအစည်းအဝေးများတွင်  ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ ၌ ထည့်သွင်း ချုပ်ဆိုမည့် NCA အကောင်အထည်ဖော်မှုဆိုင်ရာ သဘောတူညီ ချက်ကိစ္စ၊ ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုကိစ္စ၊ အခြေခံမူသဘော တူညီချက်ကိစ္စများကိုဆွေးနွေးခဲ့ကြပြီး နှစ်ဖက် သဘောတူညီချက်အချို့ကိုလည်း ရရှိထားပြီးဖြစ်ကြောင်း။

 

NCA ကတိကဝတ်ပါ မျှော်မှန်းချက်များအပြင် အကောင်အထည် ဖော်မှုလုပ်ငန်းစဉ် များတွင် မည်သည့် သဘောတူညီချက်များ ချမှတ်မည်ဆိုသည်ကို မိမိတို့နှစ်ဖက်အကြား ဆွေးနွေး ညှိနှိုင်းကြရမည်ဖြစ်ပါကြောင်း၊ ဆက်လက်ညှိနှိုင်းရန် ကျန်ရှိနေသည့် အချက် များအပြင် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကို အခြေခံသည့်  ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ လမ်းညွှန်အခြေခံမူများ ရယူနိုင်ရန် ယနေ့ အစည်းအဝေးတွင် ဆွေးနွေးညှိနှိုင်း မည်ဖြစ်ပါကြောင်း၊ နိုင်ငံရေးဆွေးနွေးပွဲများကျင်းပရန်၊ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကိစ္စရပ်များ၊ လုပ်ငန်းစဉ်များအား ညှိနှိုင်းဆွေးနွေးပြီး နှစ်ဖက်သဘော တူသည့်ကြိုတင် ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ကြရန်ဆိုသည်ကို  NCA စာချုပ်တွင် သဘောတူထားပြီး ဖြစ်ပါကြောင်း။

 

တစ်ဖက်တွင် နိုင်ငံရေးအခြေခံမူများရယူနိုင်ရန် ဆွေးနွေးညှိနှိုင်းနေသလို တစ်ဖက်တွင်လည်း ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးခိုင်မာရေးမှနေ၍ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေးအထိ ဆွေးနွေးညှိနှိုင်းသွားရန်၊ တည်ငြိမ်ကောင်းမွန်သည့်အခြေအနေ တစ်ရပ်ကို ဖန်တီး တည်ဆောက်သွားကြရန် လိုအပ်ပါကြောင်း၊  ယခုကဲ့သို့ တည်ဆောက်နိုင်ရန်အတွက် NCA ပါ ဆွေးနွေးမည့် အကြောင်းအရာ ခေါင်းစဉ်များကိုလည်း ယမန် နေ့ကကျင်းပခဲ့သည့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် မည်သည့် အကြောင်းအရာများကို ဆက်လက်ဆွေးနွေးမည်၊ မည်သူတို့နှင့် ဆက်လက်ဆွေးနွေးမည်ဆိုသည်ကို ညှိနှိုင်း ကြခြင်းပင် ဖြစ်ပါကြောင်း။

 

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံ စတုတ္ထအစည်းအဝေးကို ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအတွင်း ကျင်းပနိုင်ရန် ရည်မှန်းထားပါကြောင်း၊ ညီလာခံ မတိုင်မီ ကျင်းပရမည့် နှစ်ဖက် ညှိနှိုင်းအစည်းအဝေးများ ကျင်းပမည့် အချိန်ဇယား  Timeline ကို မိမိတို့အကြား ညှိနှိုင်း သဘောတူထားရန် လိုအပ်ပါကြောင်း၊  ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေး ဆောင်ရွက်နေရသည့်ကာလ ဖြစ်သည့်အတွက် ညီလာခံ တက်ရောက်မည့် လူပုဂ္ဂိုလ်အရေအတွက်ကို လျှော့ချ၍ ညီလာခံ Composition ကို အချိုးကျ အကန့်အသတ်ဖြင့် ကျင်းပမည်ဖြစ်ပါကြောင်း၊ (၂၁)ရာစု ပင်လုံ ညီလာခံ ကျင်းပနိုင်ရန်အတွက် ယနေ့ အစည်းအဝေးတွင် JICM၊ UPDJC အစည်းအဝေးများ အပါအဝင် ညီလာခံမတိုင်မီ ကျင်းပရမည့် ဆွေးနွေးပွဲများအတွက် အချိန်ဇယားကို နှစ်ဖက် ဆွေးနွေးညှိနှိုင်းပေးရန် ပြောကြားလိုပါကြောင်း။

 

ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ- (၂၁)ရာစုပင်လုံ စတုတ္ထ အစည်းအဝေး၌ ပြည်ထောင်စု သဘောတူစာချုပ် အစိတ်အပိုင်း-၃ ချုပ်ဆိုနိုင်ရေးသည် အရေးကြီးပါ ကြောင်း၊ ရလဒ်ကောင်းများ ရရှိရန်အတွက် မိမိတို့အားလုံး ဝိုင်းဝန်း ကြိုးပမ်းပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ယနေ့အစည်းအဝေးကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကာလတွင် ကျင်းပရသည့်အတွက် အခက်အခဲများ အကန့်အသတ်များ ရှိနေသော် လည်း ယခုကဲ့သို့ အစည်းအဝေးများ ဆက်လက် တည်ရှိနေသည့်အတွက် ဝမ်းမြောက်ရပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပေးကြရန်နှင့် လက်တွေ့ကျသည့် သဘောတူညီချက်များ ရယူနိုင်ကြမည်ဟု မျှော်လင့်ကြောင်း ပြောကြားသည်။ 

 

ဆက်လက်၍ NCA-S EAO ၏ NCA အကောင်အထည်ဖော်မှု ဆိုင်ရာမူဘောင် ညှိနှိုင်းရေးအဖွဲ့ ခေါင်းဆောင် စဝ်စိုင်းငင်းက ယမန်နေ့ ဇွန် ၂၂ ရက်တွင် ကျင်းပခဲ့သည့် နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ခိုင်မာရေးဆိုင်ရာ ညှိနှိုင်းအဖွဲ့များ၏ ညှိနှိုင်း အစည်းအဝေးတွင် နှစ်ဦးနှစ်ဖက် ကျေနပ်သည့် ရလဒ်ကောင်းများ ရရှိခဲ့သည်ဟု ကြားသိရ၍ NCA-S EAO ညှိနှိုင်းရေးအဖွဲ့ကိုယ်စား မိမိအနေဖြင့် ချီးကျူးဂုဏ်ပြု၊ ဝမ်းမြောက် ဂုဏ်ယူ အားတက်မိပါကြောင်း၊ မတ်လဆန်းတွင် ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် နှစ်ဖက်ညှိနှိုင်း အစည်းအဝေးအပြီးတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မိမိတို့ညှိနှိုင်းရေးနှစ်ဖွဲ့၏ ညှိနှိုင်းအစည်းအဝေးကို ရပ်တန့်ထားခဲ့ရသော်လည်း  ညှိနှိုင်းရေး တစ်ဖွဲ့ချင်းစီ၏ ပြင်ဆင်မှုများကို စဉ်ဆက်မပျက် ပြုလုပ်ခဲ့ပါကြောင်း၊  အဆိုပြုချက်များကိုလည်း အပြန်အလှန် ဖလှယ်နိုင်ခဲ့ပါကြောင်း။

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း-၃ တွင် ထည့်သွင်းချုပ်ဆိုမည့် အကြောင်းအရာများ၊ ကိုဗစ်-၁၉ ကပ်ရောဂါကာလ အခြေအနေအောက်တွင် ကျင်းပရနိုင်ဖွယ်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ ကျင်းပရေး ဆိုင်ရာ အခင်းအကျင်းများ၊ UPDJC အစည်းအဝေး၊ JICM အစည်းအဝေး ကျင်းပရေး ဆိုင်ရာ ကိစ္စများကို ယခုသုံးရက်တာ ညှိနှိုင်းအစည်းအဝေးတွင် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း ယုံကြည်မှုတည်ဆောက်ခြင်းကို ပိုမိုခိုင်မာလာစေရန် နှစ်ဦးနှစ်ဖက် ကြိုးပမ်းဆောင်ရွက် နေသည့်အခိုက်အတန့်ဖြစ်သောကြောင့် ဆွေးနွေး ညှိနှိုင်းရန် အဆင်သင့်မဖြစ်သေးသည့် အချို့အကြောင်းအရာ များကို ယခု အစည်းအဝေးတွင် ထည့်သွင်းဆွေးနွေးရန် မသင့်ဟု မြင်ပါကြောင်း။

 

ဆွေးနွေးညှိနှိုင်းရာတွင် Win-Win Solution ဖြစ်စေမည့် ရလဒ်ကောင်းထွက် ပေါ်ရေးအတွက် စိတ်ရှည် လက်ရှည်၊ ပွင့်ပွင့်လင်းလင်း ၊ ရင်းရင်းနှီးနှီး ဆွေးနွေးသွားရမည် ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် ကိုယ့်တစ်ဦး၊ ကိုယ့်တစ်ဖွဲ့တည်း၏ ကောင်းကျိုး ကိုသာ ဆောင်ရွက်နေခြင်းမဟုတ်ဘဲ အားလုံးနှင့် သက်ဆိုင်သည့် ပြည်ထောင်စု ကောင်းကျိုးအတွက် ဦးတည်ဆောင်ရွက်ခြင်းဖြစ်သည်ကို နှလုံးသွင်း လက်ကိုင်ထားရမည် ဖြစ်ပါကြောင်း၊ ယနေ့အစည်းအဝေးသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချောမွေ့စွာ ရှေ့ဆက်နိုင်ရေး အတွက် အလွန်အရေးပါသကဲ့သို့ စစ်မှန်သည့် ငြိမ်းချမ်းရေးကို လိုလားတောင့်တသော ပြည်ထောင်စုသား ပြည်သူ လူထုတစ်ရပ်လုံးအတွက်လည်း မျှော်လင့်ချက်ပေးမည့် အစည်းအဝေးဖြစ်ပါကြောင်း၊ ပြီးပြည့်စုံသည့် ရလဒ်ကောင်းများနှင့် (၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပနိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေးရှေ့လုပ်ငန်းစဉ် အစီအစဉ်များ ချမှတ်နိုင်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းသွားကြပါဟု တိုက်တွန်း ပါကြောင်း ပြောကြားသည်။

 

ညှိနှိုင်းအစည်းအဝေးတွင် နှစ်ဖက်အဆိုပြုထားသည့် NCA အကောင်အထည်မှု ဆိုင်ရာ မူဘောင် သဘောတူညီချက်၊ ၂၀၂၀ အလွန် အဆင့်လိုက် ရှေ့လုပ်ငန်းစဉ်များနှင့် အဆင့်လိုက် အကောင်အထည် ဖော်မှုများ၊ အခြေခံမူသဘောတူညီချက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးညှိနှိုင်းရေးကိစ္စ၊ JICM နှင့် UPDJC အစည်း အဝေးများ ကျင်းပရေးကိစ္စ၊ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်း အဝေးနှင့် ညီလာခံအတိုင်မီ အစည်းအဝေးများ ကျင်းပမည့် အချိန်ဇယားညှိနှိုင်းခြင်းနှင့် အထွေထွေကိစ္စရပ်များကို ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

           

ယနေ့ကျင်းပသည့်အစည်းအဝေးနှင့် ပတ်သက်၍ ငြိမ်းချမ်းရေး ကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက “ဒီနေ့ဆွေးနွေးပွဲမှာ စာချုပ်မှာပါဝင်မဲ့ အစိတ် အပိုင်းထဲက တစ်ခုဖြစ်တဲ့ ၂၀၂၀ အလွန်မှာ ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်အဆင့်တွေ၊ NCA အကောင်အထည်ဖော်မဲ့ ကိစ္စရပ်တွေ နဲ့ NCA မူဘောင်ဆိုင်ရာတွေ၊ နောက်စာချုပ် ထဲမှာ ထည့်မယ့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေဆွေးနွေးတယ်။  နောက်တစ်ပိုင်း ကတော့ ညီလာခံ ကျင်းပဖို့အတွက် ကြိုတင်ညှိနှိုင်းတာပါတဲ့အတွက် ဒီနေ့တစ်နေ့လုံး ဆွေးနွေးပါတယ်။ မနက်ဖန်မှာတော့ EAO ကိုယ်စားလှယ်တွေ သီးခြား ဆွေးနွေးပြီး ကျွန်တော်တို့ အစိုးရဘက်ကကိုယ်စားလှယ်တွေလည်း သီးခြားဆွေးနွေးပါမယ်။ ၂၅ ရက်နေ့ကျရင်တော့ အားလုံးပြန်ဆုံပြီး ဆွေးနွေးပါမယ်။ ၂၅ ရက်နေ့ ညနေပိုင်းမှာ နိုင်ငံရေးပါတီတွေက UPDJC အဖွဲ့ဝင်တွေကိုလည်း ရန်ကုန် NRPC ရုံးမှာ ကျွန်တော်တို့ ဆွေးနွေးခဲ့တာတွေ တင်ပြပြီး ကြိုတင်ပြင်ဆင်တဲ့ ဆွေးနွေးမှုတွေ လုပ်ဖို့ရှိပါမယ်။ မတက်နိုင်တဲ့ သူတွေကိုလည်း Online ကနေ ဆွေးနွေးပါမယ်။ ဒီကနေ့ဆွေးနွေးချက် တွေထဲမှာတော့ ဩဂုတ်လ ဒုတိယပတ်လောက်မှာ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပနိုင်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ ကို အရှိန်နဲ့ သွားနေပါတယ်။ အဲ့ဒီအတိုင်း ဖြစ်အောင်လည်း ကြိုးစားနေပါတယ် ဟုပြောသည်။

 

ဇွန်လ ၂၅ ရက်နေ့အထိ သုံးရက်ကြာကျင်းပသွားမည့် အစိုးရကိုယ်စားလှယ်များနှင့် NCA - S EAO ကိုယ်စားလှယ်များ၏ စတုတ္ထအကြိမ် အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေး အပြီးတွင် နိုင်ငံပါတီများမှ UPDJC အဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-၂၁ ရာစုပင်လုံ စတုတ္ထအစည်းအဝေး ကျင်းပမည့်ပုံစံ ၊ ပြည်ထောင်စု သဘောတူ စာချုပ် အစိတ်အပိုင်း (၃) ချုပ်ဆိုမည့်ပုံစံများနှင့် နှစ်ဖက် သဘော တူညီချက်များကို ရှင်းလင်းတင်ပြသွားမည်ဖြစ်သည်။

 

NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းရေးမှူး ဦးမျိုးဝင်းက “အခု ဆွေးနွေးတာက နှစ်ပိုင်းရှိတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးကျင်းပဖို့ ဘယ်လိုပုံစံနဲ့ အဆင့်ဆင့် ကျင်းပသွားမယ်ဆိုတာ နှစ်ဖက်ညှိနှိုင်းဆွေးနွေးတယ်။ ညီလာခံမတိုင်ခင်မှာ အဆင့်ဆင့် သော နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပရတာရှိတယ်။ ဒါကိုဆွေးနွေးတယ်။ နောက် ညီလာခံဘယ်လိုကျင်းပမယ်၊ ဘယ်နှစ်ရက်ကျင်းပမယ်၊ ဘယ်သူတွေ ဖိတ်ကြားသင့်သလဲ ဆိုတာ ဆွေးနွေးတယ်။ ဒီနေ့တော့ နှစ်ဖက်အဆိုပြုချက်တွေ စတင်ဆွေးနွေးတယ်။ နောက်တစ်ပိုင်းကတော့ ညီလာခံမှာ ရယူချင်တဲ့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်းသုံး ကိုဆွေးနွေးတယ်။ ရယူချင်တဲ့ ပုံသဏ္ဍန်ဆိုရင်လည်း အစိတ်အပိုင်း သုံးခုနဲ့ ချုပ်ဆိုဖို့ ကျွန်တော်တို့ JICM အစည်းအဝေးမှာ ဆုံးဖြတ်ထားပြီးပြီ။ အဲ့ဒီအပိုင်း သုံး ပိုင်းနဲ့ ပတ်သက်ပြီး ဒီနေ့မှာ နှစ်ဖက်အဆိုပြုချက်တွေ တင်ပြတယ်။ အစိုးရ သဘောထားနဲ့ ကျွန်တော်တို့ EAO သဘောထားတွေပေါ့။ မရှင်းတာတွေကို မေးတယ်။ မနက်ဖန်ကျရင် သဘောတူညီမှုတွေကို ရှာဖွေနိုင်ဖို့အတွက် အစိုးရ၊ တပ်မတော်၊ လွှတ်တော် နဲ့ ကျွန်တော်တို့ရဲ့ နှစ်ဖက်အဆိုပြုချက်တွေကို သီးသန့်စီပြန်လည် ဆွေးနွေးကြမယ်။ ၂၅ ရက်နေ့ကျရင်တော့ နှစ်ဖက် ပြန်တွေ့မယ်။ အဲ့ဒါပြီးရင်တော့ UPDJC နိုင်ငံရေးပါတီ အစုအဖွဲ့နဲ့ ကျွန်တော်တို့ သီးသန့်ပြန်လည်ဆွေးနွးသွားဖို့ ရှိပါတယ် ဟုပြောသည်။

 

ယနေ့အစည်းအဝေးမှ ရရှိလာသည့် နှစ်ဖက် ဆွေးနွေးညှိနှိုင်းချက်များအား အစုအဖွဲ့အလိုက် ပြန်လည် ဆွေးနွေးသုံးသပ်ပြီး ဇွန် ၂၅ ရက်နေ့တွင် အစည်းအဝေးကို ပြန်လည်ကျင်းပကာ သဘောတူညီချက်များ ရယူ ညှိနှိုင်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 

သတင်း-ရဲခေါင်ညွန့်

ဓာတ်ပုံ-ဖိုးထောင်