နေပြည်တော် ဇွန် ၂၃
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergei Kuzhugetoyich Shoigu ၏ ဖိတ်ကြားချက်အရ ရုရှား ဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်မည့် Victory Day of Great Patriotic War (1941-1945) အောင်နိုင်မှု (၇၅) နှစ်မြောက်အထိမ်းအမှတ် စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန်အတွက် ဇွန် ၂၂ ရက် နံနက်ပိုင်းတွင် အပြည်ပြည်ဆိုင်ရာလေကြောင်း(MAI) မှအထူးလေယာဉ် ဖြင့် နေပြည်တော်တပ်မတော်လေဆိပ်မှ ထွက်ခွာခဲ့ကြပြီး ဒေသစံတော်ချိန်ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ Sheremetyevo အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Colonel General Alexander ၊ V.Fomin ၊ FSMTC မှ ဒုတိယညွှန်ကြားရေးမှူး Vladimir Drozhzhov ၊ ရုရှနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ စစ်သံမှူး ဗိုလ်မှူးချုပ် ကျော်စိုးမိုး နှင့် တာဝန်ရှိသူများက လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ခဲ့ကြသည်။ ယင်းနောက် ခေတ္တတည်းခိုမည့် Crowne Plaza Hotel သို့ ဆက်လက် ထွက်ခွာခဲ့ကြပြီး ညအိပ်ရပ်နားခဲ့ကြသည်။
ပြန်လည်ရှင်းလင်းဖြေကြား
ယနေ့နံနက်ပိုင်းတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် Arguments and Facts သတင်းဌာန၊ ZVEZDA သတင်းဌာန၊ RT သတင်းဌာန၊ Red star သတင်းဌာနနှင့် Politic မဂ္ဂဇင်းတို့မှ အယ်ဒီတာချုပ်များနှင့်သတင်းထောက်တို့အား Crowne Plaza Hotel တွင် သီးခြားစီတွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သမိုင်းကြောင်းတွင် ပါဝင်ခဲ့သည့်မြန်မာ့တပ်မတော်၏ အခန်းကဏ္ဍများ၊ နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်လျက်ရှိပြီး လွှတ်တော်အတွင်း၌ တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ်များ ပါဝင်လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်လုံခြုံရေး၊ နယ်မြေတည်တံ့ ခိုင်မြဲရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး အတွက် တပ်မတော်၏ ဆောင်ရွက်ချက်များနှင့် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြုလုပ်ငန်း များတွင် တပ်မတော်၏ ပါဝင်ဆောင်ရွက်နေမှု အခြေအနေ များ၊ မြန်မာတပ်မတော်နှင့် ရုရှားတပ်မတော်၏ စစ်ဘက် နည်းပညာ ပူးပေါင်းဆောင်ရွက်မှုကဏ္ဍသည် အလျင်အမြန် တိုးတက်လျက်ရှိပြီး ရုရှား-မြန်မာ ပူးပေါင်းဆောင်ရွက်မှု များမှတစ်ဆင့် အကျိုးဖြစ်ပေါ်စေသည့် အခြေအနေများနှင့် အခြားသိရှိလိုသည့် မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။
အပြန်အလှန်ဆွေးနွေး
ဆက်လက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်အဖွဲ့ဝင်များသည် Irkut Coporation မှ နိုင်ငံတကာ ချစ်ကြည်ရေးနှင့်ပူးပေါင်းဆောင်ရွက်ရေး ဒုတိယဥက္ကဋ္ဌ Mr.Vadimir N. Sautov နှင့် တာဝန်ရှိသူများအား လက်ခံတွေ့ဆုံ၍ နည်းပညာပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးမြင့်ရေးဆိုင်ရာများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး ဆွေးနွေးပွဲအပြီးတွင် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန် ချက်အရ သိရသည်။
သတင်းစဉ်


