ဝန်းသို ၂၄ ဇွန်
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ် ဗြန့်ကြီးကျေးရွာအနီးရှိ နန်းလိုင်းချောင်းတွင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော ဗြန့်ကြီးရေလွှဲဆည် တည်ဆောက်ခြင်း လုပ်ငန်း ယခု ဇွန်လကုန်ပိုင်း၌ အောင်မြင်ပြီးစီးတော့မည်ဖြစ်၍ လယ်ဧက ၂၀ဝ ကျော်တို့တွင် နွေ၊ မိုး၊ ဆောင်း ရာသီအလိုက်သီးနှံများကို စိုက်ပျိုးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။
မူလအသားတုံးနှင့် ပြုလုပ်ရသော ဗြန့်ကြီးဆည်သည် ဗြန့်ကြီးကျေးရွာနှင့် ကံကုန်းကျေးရွာရှိ တောင်သူများ၏ လယ်ဧရိယာဧက ၂၀ဝ ခန့် အကျိုးပြုလျက်ရှိသော်လည်း ယခုဆည်တည်ဆောက်ခြင်း လုပ်ငန်း အောင်မြင်ပြီးစီးလျှင် မန်ကျည်းကုန်းအုပ်စု ဆည်ကြီးကွင်းရှိ လယ်ဧက ၅၀ ကျော်အထိ ထပ်မံအကျိုးပြုနိုင်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဇော်လင်းဦးထံမှ သိရသည်။
“နှစ်စဉ်နှစ်တိုင်း ဒီဗြန့်ကြီးဆည်ကို ကျေးရွာပြည်သူပူးပေါင်းကာ အသားတုံးတွေနဲ့ တည်ဆောက်ပြီးတော့ ကျွန်တော်တို့လယ်ယာမြေအတွက် ရေကိုသွင်းရပါတယ်၊ ယခုနိုင်ငံတော်က ရေလွှဲဆည် တည်ဆောက်ပေးခြင်းကြောင့် ကျွန်တော်တို့လယ်ယာမြေတွေမှာ နွေ၊ မိုး၊ ဆောင်း ရာသီအလိုက် သီးနှံများ စိုက်ပျိုးနိုင်ပြီဖြစ်တဲ့အတွက် အလွန်ဝမ်းသာမိပါတယ်”ဟု ဗြန့်ကြီးကျေးရွာနေ တောင်သူ ဦးစိန်မောင်က ပြောသည်။
အဆိုပါ ဆည်တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် စစ်ကိုင်းတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် ၂၃၅ ဒသမ ၂၀ သန်းဖြင့် တင်ဒါအောင်မြင်သော မြတ်ဟိန်းကြွယ် ကုမ္ပဏီလီမိတက်မှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမှစတင်ပြီး တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် လုပ်ငန်း အားလုံး၏ ၉၉ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရှိရသည်။
ကျော်မြိုင် (ပြန်/ဆက်)


