တာချီလိတ် ၂၄ ဇွန်
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ ဝင်ပေါက်ဂိတ် ချက်ကြည်ရေးတံတား အမှတ်(၂)မှ နေရပ်ပြန် မြန်မာနိုင်ငံသား ကလေး လူကြီး ကျား/မ စုစုပေါင်း ၁၆၅ ဦးနှင့် ပြစ်ဒဏ်စေ့ (၂၃) ဦး စုစုပေါင်း (၁၈၈) ဦးတို့သည် ယမန်နေ့ နေ့လယ်က ပြန်လည်ဝင်ရောက်ခဲ့သည်။
ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းလုံစံခတ်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြပြီး ပြန်လည်ဝင်ရောက်လာသူအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာခြင်းကို ပြုလုပ်ခဲ့ကြရာ သံသယလူနာတွေ့ရှိရခြင်း မရှိသဖြင့် နေ့ချင်း မော်တော်ယာဉ်များ စီစဉ်ပေး၍ မိမိနေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
ဇွန် ၁၅ ရက်က ပြန်လည်ဝင်ရောက်လာသော နေရပ်ပြန်များ၏ အာခေါင်တို့ဖတ် ဓာတ်ခွဲအဖြေ မသိရှိရသေးသဖြင့် ၎င်းတို့ကို မိုးကုတ်တရားဓမ္မရိပ်သာတွင် Quarantine ထားရှိကြောင်း၊ နေထိုင်စဉ်ကာလအတွင်း စရိတ်မျှပေးစနစ်အဖြစ် တစ်ရက်တာ ဟင်းဖိုး ထိုင်းဘတ်ငွေ (၅၀) ပေးဆောင်ရကြောင်း၊ တစ်ရက်လျှင် လူတစ်ဦးစားစရိတ် ဘတ်ငွေ (၁၂၀)အထက် ကုန်ကျချိန်တွင် လိုအပ်သော စားစရိတ်အတွက် မိမိတို့တာဝန်ရှိသူများနှင့် အလှူရှင်များမှ ပူးပေါင်းဖြေရှင်းပေးနေကြောင်း၊ ပြစ်ဒဏ်စေ့ပြီး ပြန်လွှဲပေးလာသူများ၏ အခက်အခဲအား လူတစ်ဦးချင်းအလိုက် စိစစ်၍ အဝတ်အထည်များ၊ လမ်းခရီးစရိတ်များ ထောက်ပံ့ပေးခြင်းကို တာချီလိတ်မြို့ပေါ်မှ လုပ်ငန်းရှင်များ အလှူရှင်များ၏ ထည့်ဝင်လှူဒါန်းငွေများဖြင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်မှ ပြောကြားသည်။
ယာဆေး(ပြန်/ဆက်)