ပုသိမ် ၂၄ ဇွန်
ဧရာဝတီတိုင်းဒေသကြီးအတွင်း COVID-19 ရောဂါ ကူးစက်မှုမရှိစေရေးအတွက် တိုင်းအတွင်းနှင့် တိုင်းပြင်ပ ယာဉ်လိုင်းပေးဆွဲမှုများအား ပိတ်ထားခဲ့ရာမှ မေ ၁၆ ရက်က တိုင်းအတွင်း ပြေးဆွဲသည့် ယာဉ်လိုင်းများနှင့် ဇွန် ၁ ရက်က စတင်ပြီး တိုင်းပြင်ပ ပြေးဆွဲသည့် ခရီးသည် တင်ယာဉ်လိုင်းများအား ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ပြန်လည်ခွင့်ပြုပေးခဲ့ရာမှ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကျန်းမာရေးအရ လိုက်နာရမည့် စည်းကမ်းများကို လိုက်နာခြင်းမရှိသည့် “နယူးရွှေဝါဖူး” ယာဉ်လိုင်းအား ပြေးဆွဲခွင့် (၂)လ ပိတ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်တွေကို လိုက်နာခြင်းမရှိဘဲ လူပိုတင်ဆောင်ခဲ့သည့် ရန်ကုန်-ငါးသိုင်းချောင်း ပြေးဆွဲနေသည့် နယူးရွှေဝါဖူးယာဉ်လိုင်းကို တိုင်းအစိုးရအဖွဲ့ အစည်းအဝေးမှာ တင်ပြခဲ့ပြီး အရေးယူခဲ့ခြင်းဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှု လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဉီးဝင်းဌေး၏ ပြောပြချက်အရ သိရသည်။
ဧရာဝတီတိုင်းဒေသကြီးကနေ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ပြေးဆွဲနေသည့် ယာဉ်လိုင်း (၄၆)လိုင်းရှိပြီး တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသည့် ခရီးသည်တင်ယာဉ်လိုင်း (၆၁)လိုင်းရှိကြောင်း သိရသည်။
#MRTV


