ကော့သောင်း ၂၄ ဇွန်

 

ကော့သောင်းမြို့ မြန်မာနိုင်ငံ တောင်ဘက်စွန်းရောက်အမှတ်တရ ဖြစ်ကြစေရန် မြို့အဝင် ဗျူးပွိုင့်နေရာ သီရိမြိုင်ရပ်ကွက် ပြည်ထောင်စုလမ်းမကြီးဘေးတွင် Welcome To KAW THAUNG အထိမ်းအမှတ် (ဒေါ်ဖင်) လင်းပိုင်ငါးပုံစံနှင့် ရွှေရောင်သံမဏိပြားစာလုံးကြီးများ၊ အနားယူအပန်းဖြေရာ ကွန်ကရစ်ထီး၊ ထိုင်ခုံ၊ ရင်ပြင်လျှောက်လမ်းနှင့် အလှဆင်မီးတိုင် တပ်ဆင်ဆောက်ရွက်မှုလုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးကာ မြို့နေပြည်သူများ အသုံးပြုလျက်ရှိကြောင်း ဇွန် ၂၄ ရက်က လမ်းဦးစီးဌာနမှတစ်ဆင့် သိရသည်။

 

အဆိုပါနေရာသည် ကော့သောင်းမြို့သို့ ပြည်ထောင်စုလမ်းမကြီးမှတစ်ဆင့် စတင်ဝင်ရောက်လာပါက အက်ဒမန်ပင်ဝရှိ ပင်လယ်ကျွန်းနှင့် သာယာလှပသည့် အပေါ်စီးရှုခင်းများကြောင့် မြို့သို့ လာရောက် လည်ပတ်ကြသည့် ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များ အမှတ်တရ ဓာတ်ပုံရိုက်မှတ်တမ်းတင်ခြင်း၊ မြို့ခံပြည်သူများ အပန်းဖြေအနားယူခြင်းဖြင့်  အစဉ်စည်ကားလျက်ရှိသည့် နေရာတစ်ခုဖြစ်ရာ မြို့ပိုမို သာယာလှပရေးနှင့် လာရောက်လည်ပတ်ကြသည့် ပြည်တွင်းပြည်ပခရီးသွားများ ပိုမိုစိတ်ဝင်စားကာ မြို့အင်္ဂါရပ်နှင့်အညီ လှပတင့်တယ်ရေး၊ လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်များ၊ မြို့နေ ပြည်သူများ  စိတ်လက်အေးချမ်းစွာ အပန်းဖြေနိုင်ကြရေး စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း သိရသည်။

 

အဆိုပါလုပ်ငန်းအပြင် ကော့သောင်းမြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီးဘေးရှိ ကျေးရွာအဝင် ဆိုင်းဘုတ်များ၊ ဘုတ်ပြင်းမြို့နယ်မြို့အဝင် Welcome To BOKE PYIN ဆိုင်းဘုတ် များအပါဝင် လုပ်ငန်းများ အားလုံးကို တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင်ပြုရန်ပုံငွေ ကျပ်သန်း ၄၀ အသုံးပြုကာ ကော့သောင်းခရိုင် လမ်းဦးစီးဌာနမှ တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး(ကော့သောင်း)