၂၄ ဇွန်

 

 

စင်ကာပူနိုင်ငံက မြောက်ကိုရီးယား နိုင်ငံသားအား သူ့မွေးရပ်မြေကို ဇိမ်ခံပစ္စည်းတွေ တင်ပို့တဲ့အတွက် အင်္ဂါနေ့မှာ ထောင်ဒဏ် ချမှတ်လိုက်ကြောင်း သိရပါတယ်။

 

 

မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည်တည်ဆောက်မှုနဲ့ နျူကလီးယား စမ်းသပ်မှုတွေကြောင့် ကုလသမဂ္ဂက ဉပဒေချမှတ်ပြီး ပိတ်ဆို့ထားပါတယ်။

 

 

မြောက်ကိုရီးယားနိုင်ငံသား လီဟိုင်အွန်ဟာ စင်ကာပူနိုင်ငံမှာ ပညာသင်ကြားခဲ့ပြီး ၂၀၁၄ နှစ်တွင် ပြီးဆုံးခဲ့ပါတယ်။ လီဟာ ဖခင်ဖြစ်သူရဲ့ ကုန်တိုက်တွေမှာ ရောင်းချဖို့အတွက် ကုန်ပစ္စည်းတွေကို စင်ကာပူနိုင်ငံကနေ တင်ပို့ခဲ့ကြောင်း အထောက်အထားတွေကို တရားရုံးက တွေ့ရှိခဲ့ပါတယ်။

 

 

အသက် ၃၁ နှစ်အရွယ် လီက ဇိမ်ခံပစ္စည်းတွေဖြစ်တဲ့ ရေမွှေး၊ မိတ်ကပ်ပစ္စည်း၊ နာရီ၊ ဝိုင်နဲ့ အရက်တွေကို နှစ်နှစ်ကျော် အတွင်းမှာ စင်ကာပူဒေါ်လာ ၄၀၀,၀၀ (အမေရိကန်ဒေါ် ၂၉၀,၀၀၀) ကျော်ဖိုး ဝယ်ယူပေးခဲ့ကြောင်း သိရပါတယ်။

 

 

လီဟာ သူ့ဖခင်နဲ့ စင်ကာပူနိုင်ငံက လက်ကားကုန်သွယ်ရေး ကုမ္ပဏီတွေဖြစ်တဲ့ T Specialist International နဲ့ SCN တို့ကြားက ဆက်သွယ်ရေးကို လုပ်ဆောင်ပေးခဲ့ပါတယ်။ လီဟာ သင်္ဘောတင်ပို့နဲ့ ငွေပေးချေမှုတွေကို ကြီးကြပ်လုပ်ပေးခဲ့ပါတယ်။

 

 

T Specialist International ကုမ္ပဏီက ဝိုင်နဲ့အရက် တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၂၃၈,၀၀၀ ဖိုးကို ၂၀၁၆ ဇန်နဝါရီမှ ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်း မြောက်ကိုရီးယားကို တင်ပို့ပေးခဲ့ပါတယ်။ T Specialist International မှာ ဇိမ်ခံပစ္စည်းတန်ဖိုး စုစုပေါင်း စင်ကာပူဒေါ်လာ ၄၀၄,၀၀၀ တန်ဖိုး တင်ပို့ခဲ့ကြောင်း သက်သေတွေ့ရရှိခဲ့ပါတယ်။ ပြစ်မှုထင်ရှားခဲ့တဲ့အတွက် ကုမ္မဏီအား စင်ကာပူဒေါ်လာ ၈၈၀,၀၀၀ ဒဏ်ကြေးပေးဆောင်စေပြီး ဒါရိုက်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာက ထောင်ဒဏ် ၃ နှစ်နီးပါး ချမှတ်ခဲ့ပါတယ်။

 

 

တရားစွဲသူတွေက နိုင်ငံတကာမှာ စင်ကာပူနိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်သလို စင်ကာပူနိုင်ငံရဲ့ ငွေကြေးနဲ့ စီးပွားရေး လုပ်ငန်းပိုင်းကို အကျိုးသက်ရောက်စေနိုင်ကြောင်း ပြောပါတယ်။

 

 

မြောက်ကိုရီးယားနိုင်ငံသား လီက ပြစ်မှုကျူးလွန်ကြောင်း တွေ့ရှိတဲ့အတွက် သီတင်းလေးပတ် ထောင်ဒဏ်ချမှတ် ခံရကြောင်း သိရပါတယ်။ နောက်ထပ် အမှုပေါင်း ၁၀ မှုကို ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ ကုလသမဂ္ဂရဲ့ ဉပဒေအရ အမှုတိုင်းအတွက် ပြစ်ဒဏ် အနေနဲ့ ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၀၀,၀၀၀ သို့မဟုတ် နှစ်ခုလုံး ကျခံရနိုင်ကြောင်း သိရပါတယ်။

 

 

MDN

ကိုးကား - AFP