နေပြည်တော် ၂၄ ဇွန်
(၉)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အများပြည်သူပါဝင်ရေး ကော်မတီအစည်းအဝေးကို မလေးရှားနိုင်ငံမှ ဥက္ကဋ္ဌ၊ လာအိုနိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပူးတွဲဒုတိယဥက္ကဋ္ဌများအဖြစ် ကြီးမှူး၍ ဇွန် ၂၂ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း၊ (၉)ကြိမ်မြောက် အာဆီယံခရီးသွားလုပ်ငန်း အရင်းအမြစ်များ ကြီးကြပ်အကဲဖြတ်ခြင်း ကော်မတီအစည်းအဝေးကို ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် မြန်မာနိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် ကြီးမှူး၍ ဇွန် ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင်လည်းကောင်း Video Conferencing ဖြင့် ကျင်းပသည်။
အစည်းအဝေးသို့ အာဆီယံခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များ၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များနှင့် အာဆီယံအထွေထွေအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။
အဆိုပါအစည်းအဝေးများမှ အာဆီယံခရီးသွားလုပ်ငန်း မဟာဗျူဟာအား ကာလလယ် ပြန်လည်ဆန်းစစ်မှုများ ဆောင်ရွက်ခြင်းနှင့် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာသည့် ထိခိုက်နစ်နာမှုများကို ပြန်လည်ကုစားနိုင်မည့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရာတွင် ကော်မတီအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများအားလုံးနှင့် ကာမိစေရေး အဖွဲ့ဝင်နိုင်ငံများ၏ အကြံပြုချက်များကို Survey ကောက်ယူသွားရေး ညှိနှိုင်းဆွေးနွေးခြင်းနှင့် အစီရင်ခံစာကို အာဆီယံခရီးသွား လုပ်ငန်းဖိုရမ်တွင်ထုတ်ပြန်ရေး Timeframe အဆိုပြုတင်ပြချက်အပေါ် အတည်ပြုခြင်း၊ ကိုဗစ်-၁၉ နှင့်စပ်လျဉ်း၍ အာဆီယံအတွက် နည်းပညာနှင့်လိုအပ်သည့် အကူအညီများပြင်ပ အဖွဲ့အစည်းများမှ ရယူရေး ညှိနှိုင်းထားရှိမှုအခြေအနေအား အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တင်ပြအစီရင်ခံခြင်းများကို ဆွေးနွေးညှိနှိုင်းခြင်း၊ ၂၀၂၀ ပြည့်နှစ်အတွင်း အဖွဲ့ဝင်နိုင်ငံအလိုက် ဆောင်ရွက်ရန် လျာထားသည့် အာဆီယံခရီးသွားလုပ်ငန်းဆိုင်ရာ လုပ်ငန်းစီမံချက်များအပေါ် ဆောင်ရွက်နိုင်မှုရှိ/မရှိ စိစစ်သုံးသပ်ခြင်း၊ ၂၀၂၁ ခုနှစ်အတွင်း ဆောင်ရွက်လိုသော လုပ်ငန်းစီမံချက်များကို စိစစ်အကဲဖြတ်ခြင်း၊ အာဆီယံခရီးသွားလုပ်ငန်းရန်ပုံငွေသို့ အဖွဲ့ဝင်နိုင်ငံများမှ ထည့်ဝင်ထားသော ထည့်ဝင်ငွေများအနက် သုံးစွဲမှုအခြေအနေနှင့် လက်ကျန်ရန်ပုံငွေအခြေအနေများကို တင်ပြအစီရင်ခံမှုအခြေအနေများကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
ထို့အပြင် ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၉ ရက်က ကျင်းပခဲ့သည့် အာဆီယံ ခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ Video Conference အထူးအစည်းအဝေးမှ အတည်ပြုခဲ့သော ကိုဗစ်-၁၉ ကြောင့် အာဆီယံခရီးသွားလုပ်ငန်းများအပေါ် ထိခိုက်နစ်နာမှုအခြေအနေများနှင့် သက်သာလျော့ပါးရေးအတွက် ပံ့ပိုးကူညီမှုဆိုင်ရာအစီရင်ခံစာကို လက်ရှိအခြေအနေများနှင့်အညီ ပြန်လည်ပြင်ဆင် ထုတ်ပြန်ရေးနှင့် အဖွဲ့ဝင်နိုင်ငံအလိုက် နောက်ဆုံးအခြေအနေများကို ပြုစုပေးပို့ရေး အဆိုပြုချက်ကို ဆွေးနွေးအတည်ပြုခဲ့ကြသည်။
အဆိုပါအစည်းအဝေးများကို ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနတာဝန်ခံ ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ ပါဝင်တက်ရောက်ခဲ့ကြပြီး အစည်းအဝေးအစီအစဉ်အလိုက် မြန်မာနိုင်ငံမှ ဆောင်ရွက်နေမှုအခြေအနေများကို ပါဝင်ဆွေးနွေးသည်။
ဆက်လက်၍ အဆိုပါကော်မတီအစည်းအဝေးများကို ကိုဗစ်-၁၉ အခြေအနေပေါ် မူတည်၍ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလဆန်းတွင် စင်ကာပူနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


