ရန်ကုန် ၂၄ ဇွန်
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး ကာလအတွင်း ယာယီပိတ်သိမ်းခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်တို့မှ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနများမှ လူမှုဖူလုံရေးအကျုံးဝင် မှတ်ပုံတင်ထားသော အာမခံအလုပ်သမားများအား လူမှုဖူလုံရေး ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မင်္ဂလာဒုံမြို့နယ် လူမှုဖူလုံရေးရုံးခွဲ(၅)၌ ပြုလုပ်သည်။
ထောက်ပံ့ငွေပေးအပ်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး တိုင်းဒေသကြီး တာဝန်ခံ အရာရှိ ဦးထွန်းကြိုင်၊ ဒုတိယတိုင်း တာဝန်ခံအရာရှိ ဦးဝင်းစိုး၊ ရုံးခွဲတာဝန်ခံအရာရှိ ဦးသန့်ဇော်မင်းတို့က လူမှုဖူလုံရေးရုံးတွင် အကျုံးဝင် မှတ်ပုံတင်ထားသော အလုပ်ဌာန ၂၄ ဌာနမှ အာမခံအလုပ်သမား (၁၁၄၂၉) ဦးအား လူမှုဖူလုံရေး ထောက်ပံ့မှု အကျိုးခံစားခွင့် ၄၀ ရာခိုင်နှုန်း ဖြစ်သော ငွေကျပ် (၁၇၁၈၉၉၆၆၈ ဒသမ ၅၇) ကျပ်ကို သက်ဆိုင်ရာစက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာနတို့မှ တာဝန်ခံများထံ ပေးအပ်ခဲ့သည်။
ထောက်ပံ့ငွေ ပေးအပ်ခဲ့သည့် အင်းစိန်၊ မင်္ဂလာဒုံမြို့နယ်တို့ရှိ စက်ရုံ၊ အလုပ်ရုံများသည် ပူးပေါင်းအဖွဲ့နှင့် စစ်ဆေးပြီး တိုင်းဒေသကြီးအစိုးရ၏ ခွင့်ပြုမိန့်ဖြင့် ပြန်လည်ဖွင့်လှစ်ခွင့်ရသော စက်ရုံ၊ အလုပ်ရုံများဖြစ်ပြီး ၂၀၁၂ ခုနှစ် လူမှုဖူလုံရေး ဥပဒေနှင့်အညီ လူမှုဖူလုံရေး ထောက်ပံ့ကူညီမှု ၄၀ ရာခိုင်နှုန်း ပေးအပ်ခြင်းဖြစ်သည်။
ယနေ့ လူမှုဖူလုံရေး ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ပြုလုပ်ခဲ့ကြောင်း သိရသည်။
သတင်းနှင့်ဓာတ်ပုံ- မင်းသစ်(MNA)


