ပုသိမ် ၂၃ ဇွန်
ရန်ကုန်မှ ပုသိမ်သို့ ၃ နာရီကျော်ဖြင့် သွားလာနိုင်မည့် ကွန်ကရစ်လမ်း ၉၄ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်၏ ပြောကြားချက်အရ သိရသည်။
ရန်ကုန်-ပုသိမ်လမ်းသည် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ၁၁၃ မိုင် ၂ ဖာလုံ ရှည်လျားပြီး ရန်ကုန်-ပုသိမ်လမ်း မိုင်(၄၁/၃) ဗိုလ်မြတ်ထွန်းတံတားမှတစ်ဆင့် ဓနုဖြူ၊ ဟင်္သာတ၊ ကြံခင်း၊ မြန်အောင်မြို့များ၊ မိုင်(၅၆/ဝ) မှ မြောင်းမြ၊ ဝါးခယ်မမြို့များ မိုင်(၃၃/ဝ) ကဇန်းလမ်းဆုံမှ မအူပင်မြို့များသို့ သွားလာရသော အဓိကလမ်းမကြီးတစ်ခုဖြစ်သည်။ ယခင်မူလလမ်းမှာ အကျယ် ၂၄ ပေ နှစ်လမ်းသွား ကတ္တရာလမ်းဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးအပိုင်းမှာ မိုင်(၁၇/၄)မှ စတင်သည်။
ယခုကာလတွင် ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ တစ်နေ့ပျမ်းမျှယာဉ်စီးရေ ၃၈၀ဝ ခန့် ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့သို့ တစ်နေ့ပျမ်းမျှယာဉ်စီးရေ ၂၇၀ဝ ခန့် ဖြတ်သန်း သွားလာလျက်ရှိပြီး ရုံးပိတ်ရက်များနှင့် ခရီးသွားကာလတွင် ရန်ကုန်မှ ဗိုလ်မြတ်ထွန်း တံတားအထိ တစ်နေ့ပျမ်းမျှယာဉ်စီးရေ ၆၀ဝ၀ ခန့်၊ ဗိုလ်မြတ်ထွန်းတံတားမှ ပုသိမ်မြို့သို့ တစ်နေ့ပျမ်းမျှယာဉ်စီးရေ ၄၀ဝ၀ ခန့်ဖြတ်သန်း သွားလာလျက်ရှိသည်။
ရန်ကုန်မှ ဗိုလ်မြတ်ထွန်းတံတားအထိ လမ်းပိုင်းသည် ယာဉ်သွားလာမှု များပြားပြီး အရေးကြီးသော လမ်းပိုင်းဖြစ်သည့်အတွက် မူလလမ်းမှာ အကျယ် ၂၄ ပေ နှစ်လမ်းသွား ကတ္တရာလမ်းမှ ပေ ၃၀ အကျယ် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရန် လိုအပ်သောကြောင့် ၂၀၁၉ ခုနှစ် အောက်တိုဘာ ၁ ရက်မှ စတင်၍ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေ ကျပ်သန်း ၂၉၀ဝ၀ ဖြင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
ရန်ကုန်-ပုသိမ်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ရာတွင် မိုင်တိုင်(ဝ/ဝ)မှ (၁၇/၄)ထိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနှင့် Oriental Highways Co.,Ltdတို့မှ လည်းကောင်း၊ မိုင်တိုင်(၁၇/၄) မှ (၄၁/၄)အထိ လမ်းပိုင်းအား ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာနက ဦးဆောင်၍ လမ်းအထူးအဖွဲ့ (၃)ဖွဲ့နှင့် ခရိုင်(၂)ဖွဲ့တို့မှ လည်းကောင်း အင်ဂျင်နီယာ စုစုပေါင်း ၄၅ ဦး၊ ကာယလုပ်သား ၄၆၈ ဦး၊ လမ်းဦးစီးဌာနပိုင် စက်၊ ယာဉ်၊ ယန္တရား ၁၅၇ စီးဖြင့် လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလမ်းပိုင်းတွင် ယာဉ်မောင်းသူများ သတိပြုမောင်းနှင်ရမည့် နေရာများအနေဖြင့် ကျောင်း(၂၆)ကျောင်း၊ ကွေ့မ ၆၈ ခု၊ တီ(T)လမ်းဆုံ ၄ ခု၊ ဝိုင်(Y)လမ်းဆုံ ၈ ခုနှင့် အက်စ်(S)လမ်းဆုံ ၄ ခုရှိကြောင်း၊ ဧရာဝတီတိုင်းလမ်းပိုင်း အောင်မြင်ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လမ်းဦးစီးဌာန ရုံးချုပ်မှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အင်ဂျင်နီယာချုပ်တို့ ဦးဆောင်သောအဖွဲ့က လုပ်ငန်းများအဆင်ပြေ ချောမွေ့စေရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုအချိန်ထိ လုပ်ငန်းအားလုံး၏ ၉၄ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း၊ လမ်းအန္တရာယ်ကင်းရှင်းရေး အသိပေး ဆိုင်းဘုတ်များ တပ်ဆင်ခြင်းနှင့် ထိစပ်သော အပိုင်းများက Steel Sheet Pile, PVC Sheet Pile များရိုက်ခြင်း လမ်းတာဘောင်များတွင် မြက်များစိုက်ပျိုး၍ တာဘောင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ရန်ကုန်မြို့မှ ပုသိမ်မြို့သို့ ယခင်ကာလက (၅)နာရီခန့် သွားလာရာမှ ယခုကွန်ကရစ်လမ်းသစ် ပြီးစီးသွားပါက (၃)နာရီကျော်ဖြင့် သွားလာနိုင်တော့မည်ဖြစ်ကြောင်း တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ပြောသည်။
ကိုတွတ်(ပြန်/ဆက်)


