နေပြည်တော် ၂၄ ဇွန်
မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများအား နိုင်ငံသားတိုင်း မည်သူမဆို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း လျှောက်ထားရယူ၍ မိမိတို့ဆောင်ရွက်လိုသည့်လုပ်ငန်းရပ်ကို အကျိုးရှိစွာလုပ်ကိုင် ဆောင်ရွက်နိုင်ကြကြောင်း၊ နိုင်ငံသားအားလုံးလျှောက်ထားရယူအသုံးပြုလုပ်ကိုင်နိုင်သည့် တန်းတူရည်တူ အခွင့်အရေးရှိကြောင်း၊ ထိုသို့ လျှောက်ထားရယူခြင်း၌ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ပေးအပ်ချိန်တွင် လုပ်ငန်းများအမှန် တကယ် ဆောင်ရွက်ခြင်းရှိ မရှိ ထိန်းကျောင်းနိုင်ရန်အတွက် အာမခံကြေးပေးသွင်းစေပြီး အဆိုပြု လုပ်ငန်းများ အောင်မြင်စွာဆောင်ရွက်ပြီးပါက တင်သွင်းထားသည့် အာမခံကြေးကို ပြန်လည်ထုတ်ပေးခြင်းသာဖြစ်ပါကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ချိန်၌ မြေခွန်တော်ကိစ္စနှင့်ပတ်သက်၍လည်း သတ်မှတ်ကောက်ခံမှုမှာ လုပ်ငန်းအတွက် ရင်းနှီးမြှုပ်နှံမှုနှင့် နှိုင်းယှဉ်ပါက မပြောပလောက်သည့် ပမာဏသာဖြစ်ကြောင်း။
ထို့အတွက် လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရသူများအနေဖြင့်လည်း ကျသင့်သည့်မြေခွန်တော်ကို သတ်မှတ်ချိန်၌ မပျက်မကွက် ပေးသွင်းရန် လိုအပ်ကြောင်း၊ ပေးသွင်းရန်ပျက်ကွက်ပါက ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ အရေးယူခြင်းခံရနိုင်ကြောင်း၊ မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများကို အမှန်တကယ် ဥပဒေနှင့်အညီ လုပ်ငန်း ဆောင်ရွက်သူများအတွက် နိုင်ငံတော်က မြေအခမဲ့ လုပ်ပိုင်ခွင့်အသုံးပြုခွင့်ပေး ထားခြင်းဖြစ်ကြောင်း၊ လုပ်ငန်းဆောင်ရွက်သည့် လူပုဂ္ဂိုလ် အဖွဲ့ အစည်းများ လုပ်ငန်းအောင်မြင်စွာ ဆောင်ရွက်နိုင်ပါက နိုင်ငံတော်အတွက်လည်း တစ်ဖက်တစ်လမ်းက စီပွားရေးဖွံ့ဖြိုးတိုးတက်ကို အထောက်အပံ့ဖြစ်သလို လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အသက်မွေးဝမ်းကျောင်းမှုကိုလည်း အထောက်အကူ ဖြစ်စေမည် ဖြစ်ကြောင်း၊ ထို့အပြင် မြေကို ရောင်းကုန်သဖွယ် မဖြစ်စေရန် ဥပဒေဖြင့် ထိန်းကျောင်းခြင်းနှင့် စည်းကမ်းဖောက်ဖျက်မှုရှိပါက တင်သွင်းထားသည့် အာမခံကြေးကို နိုင်ငံတော် ဘဏ္ဍာအဖြစ် သိမ်းဆည်းမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ရန် လျှောက်ထားသူ လူပုဂ္ဂိုလ် အဖွဲ့အစည်းများအနေဖြင့် မြေလွတ်၊ မြေလပ် နှင့် မြေရိုင်းများ လျှောက်ထားရာတွင် အချို့သော စီမံခန့်ခွဲမှုလုပ်ငန်းကော်မတီများ၌ ကြန့်ကြာနေမှုများရှိနေကြောင်း သိရှိရသည့်အတွက် အဆိုပါ ကြန့်ကြာမှုများ မရှိစေရေး ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက်ကြရန်လိုကြောင်း ဆွေးနွေးပြောကြားသည်။
ယင်းနောက် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန်ခွဲရေး ဗဟိုကော်မတီ၊ အတွင်းရေးမှူး၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးသက်နိုင်ဦးက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲခြင်း ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ အစည်းအဝေးတက်ရောက်လာကြသူများက အကြောင်းအရာတစ်ခုချင်းအလိုက် သုံးသပ်ဆွေးနွေးကြသည်။
ယနေ့ကျင်းပသည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးဗဟိုကော်မတီ၏ (၂၇) ကြိမ်မြောက် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး နည်းဥပဒေ ၃၉ (ဂ) နှင့် ၄၀ တို့ပါ ပြဋ္ဌာန်းချက်နှင့်အညီ သတ်မှတ်အချိန်စေ့ရောက်နေသော လုပ်ကိုင်ခွင့် အသုံးပြုခွင့်ရရှိထားသူများထံမှ မြေခွန်တော်ကောက်ခံနိုင်ရေးအတွက် သတ်မှတ်သင့်သော မြေခွန်ကင်းလွတ်ခွင့် ကာလနှင့် သတ်မှတ်သင့်သော မြေခွန်နှုန်းထား သတ်မှတ်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ၂၀၁၇-၂၀၁၈ ခုနှစ်မှ ၂၀၁၉-၂၀၂၀ ခုနှစ် အထိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် ရရှိသူများက မြေခွန်ပေးသွင်းလာခြင်းနှင့် ကောက်ခံရန်ကျန်ရှိနေသော ကိစ္စရပ်များကိုလည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် လျှောက်ထားလာသည့် အမှုတွဲများ စိစစ်ခြင်းဆိုင်ရာ ကိစ္စရပ်များကို လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် အထူးအဖွဲ့ ဖွဲ့စည်းပေးနိုင်ရေး တင်ပြခြင်း ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့်ရရှိသူများသည် ဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဃ) ပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး၊ ပေးဆောင်ရမည့် မြေခွန်များကို ပေးဆောင်ရန် ပျက်ကွက်မှုအား ဥပဒေပုဒ်မ ၂၁ နှင့်အညီ အရေးယူ ဆောင်ရွက်နိုင်ရေး ကိစ္စနှင့် စပ်လျဉ်း၍ အထူးအဖွဲ့အမည်စာရင်း အဆိုပြုတင်ပြလာသည့် ကိစ္စရပ်နှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ငြင်းပယ်ကြောင်း ထောက်ခံတင်ပြလာသည့် ကိစ္စရပ် နှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများတွင် လုပ်ပိုင်ခွင့်၊ အသုံးပြုခွင့် လျှောက်ထားခြင်းအပေါ် ကန့်ကွက်လွှာတင်သွင်းခြင်းအား စိစစ်ရန် သီးခြားအဖွဲ့ ဖွဲ့စည်းခြင်း ကိစ္စရပ်တို့နှင့် စပ်လျဉ်း၍လည်းကောင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


