ဗန်းမော် ၂၄  ဇွန်   

 

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး တောင်ကျရေ ကျဆင်းလာမှုကြောင့် ဗန်းမော်မြို့အဝင် (၅) မိုင် ကွင်းလမ်းတံတား ထိခိုက်မပျက်စီးစေရန် မီးသတ်တပ်ဖွဲ့ဝင်များက အမှိုက်များ ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။       

 

ဗန်းမော်ခရိုင်အတွင်း၌ ဇွန် ၂၄ ရက် နံနက်ပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တောင်ကျရေ စီးဆင်းမှုများပြားလာပြီး ဗန်းမော်မြို့အဝင် (၅) မိုင်-စီဟဲတံတား တိုးချဲ့တည်ဆောက်နေသည့် နေရာ၌ ကုန်တင် (၁၂) ဘီးယာဉ်ကြီးများ ဖြတ်သန်းသွားရန် ပြုလုပ်ထားသည့် ကွင်းလမ်းသံဘောင်တံတားသည် တောင်ကျရေကျော်ကာ ရေစီးနှင့်အတူပါရှိလာသော အမှိုက်များ၊ သစ်တုံးသစ်စများ၊ ဝါးများပိတ်ဆို့ခဲ့ရာ ကွင်းလမ်းသံဘောင်တံတား မပျက်စီးစေရေးအတွက် ဗန်းမော်ခရိုင် မီးသတ်ဦးစီးဌာနမှ ဒုတိယ မီးသတ်ဦးစီးမှူး ဦးစည်သူအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များတို့က မွန်းလွဲပိုင်းတွင် ရှင်းလင်းဆောင်ရွက်ပေးခဲ့ကြသည်။

           

ဗန်းမော် - မန္တလေး မဟာဗျူဟာလမ်းမကြီးပေါ်ရှိ ဗန်းမော်မြို့အဝင်၊ (၅) မိုင်-စီဟဲ၊ တံတားအမှတ် (၁/၃၆၆) သည် ယခင်နှစ် မိုးတွင်းကာလက နမ့်စရီချောင်း၌  တောင်ကျရေ စီးဆင်းမှု များပြားခြင်းကြောင့် တံတားထိခိုက်ပျက်စီးခဲ့ကာ ယခုနှစ်တွင် မူလ ပေ (၁၈ဝ)  တံတားအား ပေ (၆ဝ) အရှည် တိုးချဲ့တည်ဆောက်ခြင်း လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်ပြီး လုပ်ငန်းဆောင်ရွက်နေစဉ် ကာလအတွင်း  ကုန်တင်မော်တော်ယာဉ်ကြီးများ ဖြတ်သန်းသွားလာရေး အဆင်ပြေစေရန် ယာယီချောင်းကူးကွင်းလမ်းတံတား တည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည်။

           

ရေကျော်နေသည့် အဆိုပါ ယာယီချောင်းကူးကွင်းလမ်းတံတား ကချင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးထွန်းတင်၊ ဗန်းမော်မြို့နယ်လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်လှိုင်နှင့် တာဝန်ရှိသူများတို့က လာရောက်ကြည့်ရှုစစ်ဆေးခဲ့ကာ ယာဉ်များဖြတ်သန်းသွားလာမှု အဆင်ပြေစေရေးအတွက် ဗန်းမော်မြို့ အမှတ် (၁ဝဝ) ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင်များကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

ကိန်းဖြူ(ပြန်/ဆက်)

 

mdn