နေပြည်တော်  ၂၄   ဇွန်

 

ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများရရှိမှု၊ သုံးစွဲမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ကျင်းပသည်။

 

ရှေးဦးစွာ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်ခိုင်က ဝန်ကြီးဌာနမှ ရရှိထားပြီးနှင့် ရရှိရန်ရှိသည့် ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများနှင့် ပတ်သက်၍ အကျဉ်းချုပ်ခြုံငုံ တင်ပြပြီး၊ ကမ္ဘာ့ဘဏ် (World Bank) မှ အကူအညီငွေ အမေရိကန်ဒေါ်လာ (၁၈) သန်းနှင့် ချေးငွေ သန်း (၁၅၀) ၊ အာရှဖွံ့ဖြိုးတိုးတက်ရေးဘဏ် (The Asian Development Bank, ADB) မှ ချေးငွေ အမေရိကန်ဒေါ်လာသန်း (၃၀) ၊ ဂျပန်နိုင်ငံ အစိုးရမှ အကူအညီငွေ အမေရိကန်ဒေါ်လာ (၂၄) သန်းခန့်၊ French Development Agency (AFD) မှ အကူအညီငွေ ယူရိုငွေ (၅) သန်းနှင့် ချေးငွေ ယူရိုငွေ (၂၂) သန်း နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

 

ယင်းနောက် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် (စီမံ/ဘဏ္ဍာ) ဒေါ်အေးအေးစိန် က ကမ္ဘာ့ဘဏ်ချေးငွေဖြင့် မရှိမဖြစ်လိုအပ်သော ကျန်းမာရေးဝန်ဆောင်မှုများ လက်လှမ်း မီရရှိရေး စီမံချက် လုပ်ငန်းဆောင်ရွက်မှုနှင့် ပတ်သက်၍လည်းကောင်း၊ ကုသရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြား ရေးမှူးချုပ် (ကုသရေး) ဒေါက်တာသီတာလှ က ကမ္ဘာ့ဘဏ်မှ ချေးငွေအား မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ အရေးပေါ်တုံ့ပြန်ရေးစီမံချက်လုပ်ငန်းများတွင် ဗဟိုအဆင့်၊ တိုင်းဒေသကြီး/ ပြည်နယ်အဆင့် ဆေးရုံကြီး များရှိ အထူးကြပ်မတ်ကုသဌာန  မြှင့်တင်ခြင်း ကိစ္စရပ်များ၌ အသုံးချ ဆောင်ရွက်မည်နှင့် ပတ်သက်၍ လည်းကောင်း၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဉာဏ်ဝင်းမြင့်က အာရှဖွံ့ဖြိုး တိုးတက်ရေးဘဏ် ချေးငွေဖြင့် မဲခေါင်မြစ်ဝှမ်းဒေသ ကျန်းမာရေး လုံခြုံမှုဆိုင်ရာစီမံချက် လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ နယ်စပ်များ၌ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး၊ ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းနှင့် တုံ့ပြန်ခြင်း၊ ဓာတ်ခွဲခန်း ဖွံ့ဖြိုးတိုး တက်မှုနှင့် ဆေးရုံများ တွင် ရောဂါကူးစက်မှု လျော့ချနိုင်ရေး လုပ်ငန်းကိစ္စများကို လည်းကောင်း ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ ကြကာ ဝန်ကြီးဌာန၏ ဦးစီးဌာန အသီးသီးမှ တာဝန်ရှိသူများက ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများ ရရှိမှု၊ သုံးစွဲမှုနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းများနှင့် ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

 

ရှင်းလင်းတင်ပြမှုနှင့် ဆွေးနွေးမှုများအပေါ် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ယခုကဲ့သို့ ဝန်ကြီးဌာန၏ ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများ ရရှိမှု၊ သုံးစွဲမှု၊ လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု နှင့် ဆက်လက်လုပ်ဆောင်မည့် အစီအစဉ်များကို ရှင်းလင်းဝေမျှခြင်းဖြင့် လုပ်ငန်းစဉ်များနှင့် သက်ဆိုင်သူများ အားလုံး သိရှိနိုင်ကာ လုပ်ငန်းပေါင်းစပ်ညှိနှိုင်းဆောင်ရွက်မှုများ ထိရောက်၍  ပိုမိုကောင်းမွန်လာမည် ဖြစ်ပါကြောင်း၊ ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများ ရရှိမှု၊ သုံးစွဲမှု အခြေအနေများနှင့် လုပ်ငန်း ဆောင်ရွက်မှုဆောင်ရွက်ရာတွင် အလေအလွင့် အနည်းဆုံးဖြစ် စေရေးနှင့် ဆောင်ရွက်ချက်များ ထိရောက်မှု အားကောင်းစေရေး ကြီးကြပ်ရန်  ဗဟိုအဆင့် အဆင့်မြင့် အဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စီမံချက်လုပ်ငန်း အကောင်အထည်ဖော်မှုအဖွဲ့ နှင့် လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ၊ လုပ်ငန်း ထိရောက်မှုရှိ၊ မရှိဆန်းစစ်မှုများကို အမြဲတမ်းသုံးသပ်နေမည့် စောင့်ကြည့်ဆန်းစစ်မှုအဖွဲ့ တို့အားလည်း မွမ်းမံဖွဲ့စည်းထားရှိ ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ ဤ စောင့်ကြည့်ဆန်းစစ်မှုအဖွဲ့ အနေဖြင့်  ဝန်ကြီးဌာန ထံသို့  အကြံပြုချက်များ အချိန်နှင့် တစ်ပြေးညီ ပုံမှန် တင်ပြရမည်ဖြစ်ပါကြောင်း။

 

စီမံချက်လုပ်ငန်း အကောင်အထည်ဖော်မှုအဖွဲ့တွင် ရာထူးကြီးငယ်မရွေး ဝန်ကြီးဌာနအတွင်းရှိ လက်ထောက်ညွှန်ကြားရေးမှူးနှင့် ဦးစီးအရာရှိများ စသည်တို့ကို ထည့်သွင်း ပါဝင်ဆောင်ရွက်စေရမည် ဖြစ်ပါကြောင်း၊ မိမိတို့အားလုံးသည် ဤချေးငွေများမှာ နိုင်ငံတော်မှ ပြန်လည်ပေးဆပ်ရမည်ဖြစ် သည် ဆိုသည့် အချက်ကို သိရှိရန်လိုအပ်ပြီး သုံးစွဲသည့်ငွေပမာဏနှင့် ထိုက်တန်သော အကျိုးရရှိစေရေးကို နောက်ခံထား၍ လုပ်ငန်းများ ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများ ဖြင့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို ဆန်းစစ်မှု စာရင်းများ အသုံးပြုဆန်းစစ်ကာ ကွန်ပျူတာ စနစ်ဖြင့် မှတ်တမ်းတင်၍ စောင့်ကြပ်ကြည့်ရှုမှုနှင့် ဆန်းစစ်သုံးသပ်မှုများ လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားစေ လိုပါကြောင်း၊ လုပ်ငန်းဆောင်ရွက်စဉ်ကာလ တစ်လျှောက်တွင်လည်း တာဝန်ရှိ သူများအနေဖြင့် တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူးများ၊ ဆေးရုံ အုပ်ကြီးများ၊ မြို့နယ်ဆရာဝန်များ နှင့် Video Conferencing ဖြင့် ဆွေးနွေးညှိနှိုင်းရမည်ဖြစ်ပါကြောင်း။

 

အကူအညီပေးငွေနှင့် ချေးငွေတို့ကို အသုံးပြု၍ ကူးစက်ရောဂါများကို နှိမ်နင်းရန် တုံ့ပြန်ဆောင် ရွက်ရေးအဖွဲ့ များအား လေ့ကျင့်သင်ကြားသည့် အစီအစဉ်သည် ကောင်းမွန်ပါကြောင်း၊ ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရှိ လက်တွေ့မြေပြင်အတွေ့အကြုံမြင့်မားသူများအား ပြည်သူ့ကျန်းမာရေးတက္ကသိုလ် (ရန်ကုန်) နှင့် အခြေခံကျန်းမာရေးတက္ကသိုလ် (မကွေး) တို့တွင် လက်တွေ့ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ သင်ကြားရာ၌ ပါဝင်ဆောင်ရွက်စေရမည်ဖြစ်ပါကြောင်း၊ ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်း ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများတွင် အသုံးပြုသော ကျွမ်းကျင်မှုဆိုင်ရာ စာအုပ်စာတမ်းများနှင့် နောက်ခံ သင်ခန်းစာများကို ပြည်သူ့ကျန်းမာရေးလုပ်ငန်းဆိုင်ရာ နောက်ဆုံး တွေ့ရှိချက်များအပေါ် အခြေခံမွမ်းမံကာ ပြုစုကြစေလိုပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အငြိမ်းစားပညာရှင်ကြီးများထံမှ အကြံပြုချက်များ ရယူဆောင်ရွက်စေလိုပါကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အပါအဝင် အဖွဲ့အစည်း အသီးသီးမှ ရရှိရန် ရှိသော ရန်ပုံငွေများကိုလည်း အမြန်ဆုံးရရှိစေရေး ဆောင်ရွက်ကြစေလိုပါကြောင်း၊ ပြည်ပ အကူအညီရငွေများနှင့် ချေးငွေများကို အသုံးပြု၍ ဝန်ကြီးဌာနမှ အမျိုးမျိုးသော ဝန်ထမ်းများအတွက် စွမ်းဆောင်ရည်မြှင့်တင်မှု လုပ်ငန်းများကို ဆောင်ရွက်စေလိုပါကြောင်း၊ ဝန်ထမ်းများ စွမ်းဆောင်ရည် ပိုမိုမြင့်မားလာခြင်းဖြင့် ဝန်ကြီးဌာနအတွက် ရေရှည်ကာလတွင် အကျိုးရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။

 

ရှင်းလင်းတင်ပြဆွေးနွေးပွဲတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အမြဲတမ်းအတွင်းဝန် ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြား ရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆွေးနွေးအကြံပြုကြကြောင်း သိရသည်။

 

 (သတင်းစဉ်)