၂၄ ဇွန်
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်အရ ကယားပြည်နယ်အတွင်း သမဝါယမ အသင်းများရှိ အမျိုးသမီးများ၏ စွမ်းဆောင်ရည်မြင့်မားရေးနှင့် စွမ်းရည်တည်ဆောက်ရေး စီမံချက်အား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “သီရိမေ” အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး သမဝါယမအသင်း လီမိတက်(ရန်ကုန်)မှ လက်သန့်ဆေးရည် (Hand Gel) ပြုလုပ်နည်းသင်တန်းကို ဒီးမော့ဆိုမြို့နယ် ခေါက်ပလော့ကျေးရွာရှိ ဒီးမော့မေအမျိုးသမီးများ မွေးမြူရေးနှင့်အထွေထွေ လုပ်ငန်းသမဝါယမအသင်းလီမိတက်မှ အသင်းသား(အမျိုးသမီး) ၂၂ ဦးကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ဆင့်ပွားသင်တန်းအဖြစ် ဘက်စုံသုံးဆပ်ပြာရည် ပြုလုပ်နည်းသင်တန်းကို “ခေတ်သစ်မဟေသီ” စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်း ဥက္ကဋ္ဌ ဒေါ်ဗျားမြာမှ လွိုင်ကော်မြို့နယ်ရှိ နောင်ယားရောင်းဝယ်ရေး သမဝါယမအသင်းလီမိတက်၊ ရွှေကိန္ဒရီစိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းလီမိတက်၊ ခုနှစ်စင်ကြယ်စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းလီမိတက်တို့မှ အသင်းသား(၁၁)ဦးကို သင်ကြားပို့ချပေးခဲ့သည်။
ထိုသို့ သင်တန်းများအား သင်ကြားပို့ချရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ချမှတ်ထားသော ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ကြပြီး လူစုလူဝေးမဖြစ်စေဘဲ သီးခြားစနစ်ဖြင့် အိမ်တိုင်ရာရောက် တစ်အိမ်တက်/ဆင်း ပို့ချပေးခဲ့ကြောင်း သိရှိရသည်။
MDN


