နေပြည်တော် ၂၄ ဇွန်
ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
သတင်းစာရှင်းလင်းပွဲ၌ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၏ ပြည်သူ့ အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်၏ စီးပွားရေး မူဝါဒ၊ ဝန်ကြီးဌာန၏ စီမံကိန်း၊ ဘဏ္ဍာရေး၊ စက်မှု မူဝါဒများနှင့်အညီ နိုင်ငံတော်နှင့် ပြည်သူအတွက် ရေတိုရေရှည် အကျိုး ဖြစ်ထွန်းစေမည့်ကိစ္စများကို လုပ်ငန်းစဉ်များ ချမှတ်ဆောင်ရွက်လျက်ရှိရာ စီမံကိန်းကဏ္ဍတွင် ဌာန ၅ ခု၊ ဘဏ္ဍာရေးကဏ္ဍတွင် ဌာန ၁၃ ခုနှင့် စက်မှုကဏ္ဍတွင် ဌာန ၆ ခု ရှိပါကြောင်း။
စီမံကိန်းရေးဆွဲရေးဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံ၏ ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (Myanmar Sustainable Development Plan – MSDP) ၂၀၁၈ - ၂၀၃၀ ကို ရေးဆွဲထားပါကြောင်း။ MSDP သည် နိုင်ငံတော်မှ ရေးဆွဲမည့် စီမံကိန်းများ၏ အခြေခံ မူဘောင်ဖြစ်ပြီး ငွေလုံးငွေရင်းဖြင့် ဆောင်ရွက်ရသော စီမံကိန်းများကို စုစည်းပြုစု၍ ခွဲခြမ်းစိတ်ဖြာနိုင်ရန် Project Bank တည်ထောင်ထား ပြီး Project Bank ဆိုင်ရာ ညွှန်ကြားချက်များကို ထုတ်ပြန်ထားပါကြောင်း၊ အစိုးရ - ပုဂ္ဂလိက ပူးပေါင်းဆောင် ရွက်ခြင်း လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ရန်အတွက် အစိုးရ - ပုဂ္ဂလိက ပူးပေါင်း ဆောင်ရွက်မှုဗဟိုဌာန (PPP center) ကို ဖွဲ့စည်းထားရှိပြီး PPP ဆိုင်ရာ တင်ပြမှုများကို အကြံဉာဏ်ပေးလျက်ရှိပါကြောင်း။
စီမံကိန်းစိစစ်ရေးနှင့် တိုးတက်မှုအစီရင်ခံရေးဦးစီးဌာန အနေဖြင့် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ နှစ်တွင် အမျိုးသားစီမံကိန်းရင်းနှီးမြှုပ်နှံမှု လျာထားချက်တွင် ပါဝင်သည့် မဟာဗျူဟာမြောက် လုပ်ငန်း/ လုပ်ငန်းစီမံကိန်းများ၏ ဆောင်ရွက်ပြီးစီးမှုများကို အချိန်ဇယားရေးဆွဲ၍ စိစစ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ စိစစ်တိုးသည် ပုဂ္ဂလိကပိုင် ပြုလုပ်ရေးကော်မရှင်၏ အတွင်းရေးမှူးရုံး တာဝန်များကို ဆောင်ရွက်လျက်ရှိပါကြောင်း။
ဗဟိုစာရင်းအင်းအဖွဲ့အနေဖြင့် စာရင်းအင်းဆိုင်ရာဖွံ့ဖြိုးမှု အမျိုးသားအဆင့် မဟာဗျူဟာ (National Strategy for Development of Statistics - NSDS) အကောင် အထည် ဖော်ဆောင်ရေး လုပ်ငန်းစီမံကိန်း(မူကြမ်း)(၂၀၁၈ - ၂၀၁၉ မှ ၂၀၂၂ - ၂၀၂၃ အထိ) (၅)နှစ် စီမံကိန်းကို ရေးဆွဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး၊ တုံ့ပြန်ဆောင်ရွက်နိုင်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် ရေရှည်စီမံကိန်းများ အတွက် အထောက်အကူ ပြုနိုင်ရန် သဘာဝဘေးအန္တရာယ်ဆိုင်ရာ စစ်တမ်းအစီရင်ခံစာ (၂၀၁၈)ကို ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ထုတ်ပြန်နိုင်ခဲ့ပါကြောင်း။
ဗဟိုစက်ပစ္စည်းစာရင်းအင်းနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် ပြည်ထောင်စု ဝန်ကြီးဌာန/ အဖွဲ့အစည်းများရှိ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ စက်ယန္တရားကြီး များ၏ အခြေအနေကို စစ်ဆေးရေးအဖွဲ့ ၁၂ ဖွဲ့စုဖွဲ့၍ မြေပြင်ကွင်းဆင်း စစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စတုတ္ထ (၁) နှစ်တာကာလအတွင်း ပြည်သူ့ဘဏ္ဍာ အဖြစ် သိမ်းဆည်း မော်တော်ယာဉ် ၂၉၄၂ စီး လက်ခံရရှိခဲ့ပြီး မူလလက်ကျန်ယာဉ် ၁၇၁၀ အပါအဝင် လက်ခံရရှိ မော်တော်ယာဉ် ၄၆၅၂ စီးအနက် မော်တော်ယာဉ် ၂၉၈၂ စီးကို ပြည်ထောင်စုဝန်ကြီးဌာန/ အဖွဲ့အစည်းများ၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များနှင့် ဌာနဆိုင်ရာများသို့ ခွဲဝေထုတ်ပေးခဲ့၍ ကျန်မော်တော်ယာဉ်များကို စနစ်တကျ ထိန်းသိမ်းထားရှိပါကြောင်း။
အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာနအနေဖြင့် မှတ်တမ်းရယူရေး စီမံချက်အရ နေပြည်တော်ကောင်စီအတွင်းရှိ ဝန်ကြီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီးရှိ ဦးစီးဌာနများ၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့ရှိ လွှတ်တော် များသို့ သွားရောက်၍ မှတ်တမ်းရယူခဲ့ပါကြောင်း၊ အမျိုးသားမှတ်တမ်းနှင့် မော်ကွန်းဥပဒေ သစ်ကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၂၇ ရက်တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၄၀ ဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ နေပြည်တော်ရှိ နိုင်ငံ့ဝန်ထမ်းများ ဘွဲ့လွန်သင်တန်းများ တက်ရောက်နိုင်ရန် မိတ္ထီလာ စီးပွားရေးတက္ကသိုလ် နှင့်ပူးပေါင်း၍ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာနတွင် ပြည်သူ့ရေးရာစီမံခန့်ခွဲမှု မဟာဘွဲ့(MPA)၊ စီးပွားရေးစီမံခန့်ခွဲမှု မဟာဘွဲ့(MBA)နှင့် ဒီပလိုမာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါကြောင်း။
ဘဏ္ဍာရေးကဏ္ဍအနေဖြင့် မြန်မာ့စီးပွားရေးဘဏ်သည် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံက Two Step Loan ပထမအကြိမ်ချေးငွေ ယန်း ၅ ဒသမ ၀၃၃ ဘီလီယံနှင့် ဒုတိယအကြိမ်ချေးငွေ ဂျပန်ယန်း ၁၅ ဘီလီယံရယူပြီး မြန်မာ့စီးပွားရေးဘဏ်နှင့် ပုဂ္ဂလိကဘဏ် ၁၀ ဘဏ်တို့က MSMEs လုပ်ငန်းရှင်များကို သက်သာသောချေးငွေများ ထုတ်ချေးပေးလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေး လုပ်ငန်းကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ အတိုးနှုန်း ၁ ရာခိုင်နှုန်း၊ သက်တမ်း ၁ နှစ် ချေးငွေများကို ထိခိုက်မှု အများဆုံးခံစားခဲ့ရသော ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ SME နှင့် CMP များသို့ ထုတ်ချေးလျက်ရှိပါကြောင်း၊ ငွေကျပ်ဘီလီယံ ၁၀၀ အနက် ၂၀၂၀ ခုနှစ် ဇွန်လ ၁၈ ရက်အထိ လုပ်ငန်းပေါင်း ၈၃၂ ခုသို့ ငွေကျပ် ၃၁ ဒသမ ၈၁၇ ဘီလီယံ ထုတ်ချေးပြီး ဖြစ်ပါကြောင်း။
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် တောင်သူလယ်သမားများသို့ နှစ်စဉ် စိုက်ပျိုး စရိတ် ချေးငွေများ ထုတ်ချေးရာတွင် စပါးတစ်ဧကအတွက် ချေးငွေကို ၂၀၁၆ - ၂၀၁၇ ဘဏ္ဍာ ရေးနှစ်တွင် ငွေကျပ် တစ်သိန်းမှ ငွေကျပ် တစ်သိန်းခွဲအထိ၊ အခြားသီးနှံများအတွက် တစ်ဧက ချေးငွေနှုန်းကို ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ငွေကျပ် ငါးသောင်းမှ ငွေကျပ် တစ်သိန်း အထိ တိုးမြှင့်ပေးခဲ့ပါကြောင်း၊ JICA Two Step Loan ချေးငွေကျပ် ဘီလီယံ ၂၀၀ ခန့်ရရှိသည့် အနက် လယ်ယာသုံးစက်ကိရိယာများ ဝယ်ယူရန်နှင့် လယ်ယာကဏ္ဍကို အခြေခံသည့် အဆောက်အအုံနှင့် စက်များအတွက် တောင်သူလယ်သမားများကို မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်က ထုတ်ချေးပေးလျက်ရှိရာ ယနေ့အထိ ထုတ်ချေးငွေမှာ ငွေကျပ် ၁၉၆ ဒသမ ၆ ဘီလီယံ ထုတ်ချေးထားပါကြောင်း။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် ထိခိုက်မှုများအတွက် တောင်သူလယ်သမားများသို့ ကိုဗစ်-၁၉ အထူးချေးငွေ (COVID -19 Special Relief Loan) အဖြစ် တစ်ဧကလျှင် ငွေကျပ် ၅၀၀၀၀ နှုန်းဖြင့် ထပ်ဆောင်း၍ မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၀ ပြည့်နှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေထုတ်ပေးချိန်တွင် တစ်ပါတည်း ပံ့ပိုးထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း၊ အဆိုပါအထူးချေးငွေကို ၂၀၂၀ ပြည့်နှစ် ဇွန်လမှ စက်တင်ဘာလကုန်အထိ ထုတ်ချေးပေးသွားမည်ဖြစ်ပြီး ချေးငွေအတိုးနှုန်းမှာ လက်ရှိ စိုက်ပျိုးစရိတ် ချေးငွေ အတိုးနှုန်းအတိုင်း တစ်နှစ်လျှင် ၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ အထူးချေးငွေကို ၂၀၂၀ ပြည့်နှစ် မိုးစပါးချေးငွေရရှိသူ များ သာမက ၂၀၂၀ ပြည့်နှစ် အခြားသီးနှံ ချေးငွေရရှိသူများသို့ ထပ်ဆောင်းထုတ်ချေး ပေးမည်ဖြစ်ပြီး တစ်ကြိမ်သာ ထုတ်ချေးမည့် ချေးငွေဖြစ်ပြီး စိုက်ပျိုးမြေဧက ၁၂ သန်းအတွက် ချေးငွေပမာဏ ငွေကျပ်ဘီလီယံ ၆၀၀ ထုတ် ချေးမည်ဖြစ်ပါကြောင်း။
မြန်မာ့အာမခံလုပ်ငန်းအနေဖြင့် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့်ပူးပေါင်း၍ တောင်သူလယ်သမားများ၏ အကျိုးစီးပွားများအတွက် ရာသီဥတုညွှန်းကိန်းအခြေပြု သီးနှံ အာမခံလုပ်ငန်းကို ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့တို့တွင် ရှေ့ပြေးစီမံကိန်း (Pilot Project) ကို ပရောဂျက်ကာလ တစ်နှစ်ဖြင့် ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မော်တော်ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းလိုင်စင်ပြုလုပ်မည့် လုပ်သားပြည်သူများ၏ သူတစ်ပါးထိခိုက်မှုအာမခံ ပရီမီယံပေးသွင်းခြင်း လုပ်ငန်းများ အဆင်ပြေချောမွေ့စွာဖြင့် နှောင့်နှေးကြန့်ကြာမှု မရှိစေရန်အတွက် အွန်လိုင်းစနစ်ဖြင့် ပရီမီယံကြေး ပေးဆောင်ခြင်း လုပ်ငန်းကို စတင်ဆောင်ရွက်လျက်ရှိပါကြောင်း။
ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနအနေဖြင့် အရေးပေါ်ရန်ပုံငွေကို ယခင်က စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လျာထားဆောင်ရွက်ခဲ့ရာမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်မှစတင်၍ ဗဟိုအဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့ များတွင် ခွဲဝေလျာထားရန် ပြင်ဆင်ဆောင်ရွက်ခဲ့ရာ ပြည်ထောင်စု၌ ငွေကျပ်ဘီလီယံ ၅၀၊ တိုင်းဒေသကြီး/ပြည်နယ်များ၌ ငွေကျပ် ၁၄ ဘီလီယံနှင့် ပြည်ထောင်စုဝန်ကြီးဌာနများ၌ ငွေကျပ် ၃၆ ဘီလီယံ လျာထားခဲ့ပါကြောင်း။
ငွေတိုက်ဦးစီးဌာနသည် ကြွေးမြီစီမံခန့်ခွဲမှု၊ ငွေကြေးစီမံခန့်ခွဲမှု၊ ပြည်ထောင်စု ဘဏ္ဍာ ရန်ပုံငွေထိန်းသိမ်းမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး အစိုးရငွေတိုက်စာချုပ်၊ အစိုးရငွေ တိုက်လက်မှတ်များကို ပုံမှန်ရောင်းချလျက်ရှိပါကြောင်း၊ ပြည်တွင်းအခွန်များ ဦးစီးဌာနသည် အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်အတွက် အရေးကြီးသည့် အခွန်ဆိုင်ရာ စီမံအုပ်ချုပ်မှု ဉပဒေ Tax Administration Law - TAL ကို ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း၊ အခွန်ထမ်းပြည်သူများ လွယ်ကူစွာ အခွန်ငွေပေးဆောင်နိုင်ရန် အတွက် ပထမအဆင့်အနေဖြင့် သီလဝါအထူး စီးပွားရေးဇုန်မှ MPU Debit Card အသုံးပြုပြီး အခွန်ပေးဆောင်ခြင်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ဒုတိယအဆင့်အနေဖြင့် ၂၀၁၈ ခုနှစ်တွင် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ CBM - Net CCT Function ကို အသုံးပြုပြီး ပုဂ္ဂလိကဘဏ်များမှ တစ်ဆင့် အခွန်ပေးသွင်းနိုင်ရန်အတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ တတိယအဆင့်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် CB Pay နှင့် Internet Banking စနစ်၊ ၂၀၂၀ ပြည့်နှစ် မေလ တွင် AYA Pay နှင့် Internet Banking စနစ်များဖြင့် အခွန်ပေးဆောင်နိုင်ရန် ဆောင်ရွက်ခဲ့ပါကြောင်း။
အကောက်ခွန်ဦးစီးဌာနသည် အကောက်ခွန်ဆိုင်ရာကိစ္စရပ်များကို Manual စနစ်မှ အလိုအလျောက် ကုန်စည်ရှင်းလင်းရေးစနစ်ဖြစ်သည့် MACCS (Myanmar Automated Cargo Clearance System)နှင့် ၂၀၁၆ ခုနှစ်တွင် ရန်ကုန်ဧရိယာအတွင်း စတင်ကျင့်သုံးနိုင်ခဲ့ပြီး မြဝတီ နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ၂၀၁၈ ခုနှစ် ဇွန်လတွင် အသုံးပြုခဲ့ပါကြောင်း၊ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်တွင် ၂၀၂၀ ခုနှစ်အတွင်း MACCS စနစ် တပ်ဆင်ခြင်း လုပ်ငန်းကို ဆက်လက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ပင်ရင်းနိုင်ငံ သက်သေခံ လက်မှတ် e-Form D လဲလှယ်ခြင်းကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်၍ ASEAN Single Window Live Operation သို့ ဝင်ရောက်ဆက်သွယ် ဆောင်ရွက် နိုင်ခဲ့သည့်အတွက် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု ကဏ္ဍနှင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ရာတွင် များစွာအထောက်အကူ ဖြစ်လာမည်ဖြစ်ပါကြောင်း။
ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးရေးဦးစီးဌာနသည် မြန်မာနိုင်ငံတွင် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို အထောက်အကူဖြစ်စေ ရန် အားလုံးပါ ဝင်နိုင် သော ငွေရေးကြေးရေးကဏ္ဍ တည်ဆောက်ရေး လမ်းပြမြေပုံ (Financial Inclusion Roadmap) (၂၀၁၄ - ၂၀၂၀)၊ (၂၀၁၉ - ၂၀၂၃) တို့ကို ရေးဆွဲအကောင်အထည် ဖော်ခဲ့ပါ ကြောင်း၊ အာမခံလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြည်တွင်းပုဂ္ဂလိက အသက် အာမခံကုမ္ပဏီ (၁၁)ခုနှင့် ပြည်တွင်းပုဂ္ဂလိက အထွေထွေအာမခံကုမ္ပဏီ(၈) ခုတို့က အာမခံ ဝန်ဆောင်မှုများပေးလျက်ရှိရာ ၂၀၁၉ ခုနှစ်အတွင်း ရာနှုန်းပြည့် နိုင်ငံခြားသားပိုင်အသက် အာမခံကုမ္ပဏီ (၅)ခု၊ ပြည်တွင်းအာမခံကုမ္ပဏီများနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်မည့် နိုင်ငံခြားဖက်စပ် အသက်အာမခံကုမ္ပဏီ(၃)ခုနှင့် အထွေထွေ အာမခံကုမ္ပဏီ(၃)ခုတို့ကို လုပ် ငန်းလုပ်ကိုင် ခွင့် လိုင်စင်များထုတ်ပေးခဲ့ပြီး အာမခံအမျိုး အစားပေါင်း ၂၅ ခုကို ဆောင်ရွက်ရန် ခွင့်ပြုထားပါကြောင်း၊ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း MSMEs များ သို့ ချေးငွေပံ့ပိုးပေးနိုင်ရန်နှင့် ဘဏ်များ၏ ဆုံးရှုံးနိုင်ခြေကို မျှဝေနိုင်ရန် ချေးငွေအာမခံအဖွဲ့ အစည်း (Credit Guarantee Corporation – CGC) တည်ထောင် နိုင်ရေးအတွက် အာရှဖွံ့ဖြိုး ရေးဘဏ်(ADB)မှ ချေးငွေအမေရိကန် ဒေါ်လာသန်း ၆၀ ရယူရေးကို ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၆) ကြိမ်မြောက် ပုံမှန်အစည်း အဝေးတွင် အတည်ပြုပြီးဖြစ်ပါကြောင်း၊ ချေးငွေအာမခံ ကော်ပိုရေးရှင်းကို ၁၉၅၀ ခုနှစ် အထူးကုမ္ပဏီအက်ဥပဒေနှင့်အညီ အစိုးရမှ ရာနှုန်းပြည့် ပိုင်ဆိုင်သည့် ချေးငွေ အာမခံကော်ပိုရေးရှင်းအဖြစ် ၂၀၂၀ ပြည့်နှစ် အတွင်း တည်ထောင်သွားမည်ဖြစ်ပြီး ၂၀၂၁ ခုနှစ် အတွင်း ချေးငွေအာမခံပေးခြင်းလုပ်ငန်းကို စတင်ဆောင်ရွက် ရန် မျှော်မှန်းထားပါကြောင်း။
ပင်စင်ဦးစီးဌာနသည် နိုင်ငံတော်ပင်စင်စနစ်ကို ရေရှည်တည်တံ့ခိုင်မြဲသော ပင်စင်စနစ် ဖြစ်ပေါ်လာစေရန် ထည့်ဝင်ကြေးစနစ်နှင့် အကျိုးခံစားခွင့်ပြုသည့် ဝန်ထမ်းနောင်ရေးဗဟို ရန်ပုံငွေ (Central Provident Fund- CPF) တည်ထောင်နိုင်ရန် ဆောင်ရွက်နေပါကြောင်း၊ အခွန်အယူခံခုံအဖွဲ့ရုံးအနေဖြင့် အခွန်အယူခံခုံအဖွဲ့ဥပဒေကို ၂၀၁၈ ခုနှစ် ဩဂုတ်လ ၁ ရက် တွင် ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၂၃ ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းပြီး အခွန်အယူခံခုံအဖွဲ့ ဥပဒေပုဒ်မ ၄၂ (က)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ၂၀၁၉ ခုနစ် စက်တင် ဘာလ ၂၇ ရက်တွင် အမိန့်ကြော်ငြာ စာအမှတ် (၃၄၁/၂၀၁၉)ဖြင့် အခွန်အယူခံခုံအဖွဲ့ နည်း ဥပဒေများကို ထုတ်ပြန်ပြဋ္ဌာန်းနိုင်ခဲ့ ပါကြောင်း၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်း ကြီး ကြပ်ရေးကော်မရှင်ရုံးအနေဖြင့် ရန်ကုန်စတော့အိပ်ချိန်းကုမ္ပဏီ ၁ ခု၊ ငွေချေးသက်သေခံ လက်မှတ် ကုမ္ပဏီ ၆ ခု တို့ကို ကြီးကြပ်ကွပ်ကဲလျက်ရှိပါကြောင်း၊ ရန်ကုန်စတော့အိပ်ချိန်းတွင် စာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများရောင်းဝယ်ရာ၌ ပြည်တွင်းနေ နိုင်ငံခြားသားများနှင့် ပြည်ပနေ နိုင်ငံခြားသားများကို ၂၀၂၀ ပြည့်နှစ် မတ်လ ၂၀ ရက်မှစတင်၍ ရောင်းဝယ်ခွင့်ပြုခဲ့ ပါကြောင်း၊ YSX တွင် ယခုအခါ စာရင်းဝင်ကုမ္ပဏီ (၆)ခုဖြင့် လည်ပတ်လျက်ရှိပါကြောင်း။
စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန၏ စက်မှုသင်တန်းကျောင်း (၆)ကျောင်းမှ နှစ်စဉ်စက်မှုကျွမ်းကျင် လုပ်သားဦးရေ ၁၀၀၀ ကျော်ကို လေ့ကျင့်ပေးလျက်ရှိပြီး သထုံမြို့နှင့် မုံရွာမြို့တို့တွင် အိန္ဒိယနိုင်ငံအစိုးရ၏ အထောက်အပံ့ဖြင့် စက်မှုသင်တန်း ကျောင်း(၂)ကျောင်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း။
စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့် MSME Member Card Online Registration နှင့် e-Payment System တို့ကို online မှ တစ်ဆင့် ဆောင်ရွက်နိုင်ရန်အတွက် SME Web Portal တစ်ခုကို ရေးဆွဲ၍ လွှင့်တင်နိုင်ခဲ့ပါကြောင်း၊ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလ ၂၇ ရက်မှ စတင်၍ MSME လုပ်ငန်းရှင်များအနေဖြင့် SME Member Card အား Online ဖြင့် ဝင်ရောက် လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း၊ စက်မှုလုပ်ငန်းဉပဒေအရ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ မှတ်ပုံတင်ထားသည့် ပုဂ္ဂလိကစက်မှုလုပ်ငန်း စုစုပေါင်း ၅၁၇၆၉ ခုရှိ ပါကြောင်း၊ အွန်လိုင်းမှ စက်မှုမှတ်ပုံတင် လျှောက်ထားလိုသော လုပ်ငန်းရှင်များအတွက် disi.gov.mm Web Portal ကို ထုတ်လွှင့် ထားပြီး ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာရေးနှစ် ဧပြီလမှ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ဇန်နဝါရီလအထိ လျှောက်ထားသော လျှောက်လွှာစောင်ရေ ၁၀၁၅ ခု ရှိပါကြောင်း။
မြန်မာ့ဆေးဝါးလုပ်ငန်းရှိ ဆေးဝါးစက်ရုံများမှ အခြေခံအကျဆုံး ဆေးဝါးများ (Essential Drugs) အပါအဝင် ဆေးဝါးအမျိုးမျိုးကို အမျိုးသားဆေးဝါးဥပဒေနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ ၏ ကောင်းမွန်သည့် ထုတ်လုပ်မှုကျင့်စဉ် (WHO GMP Guideline) နှင့်အညီ အကျိုးအာနိသင် ထက်မြက်မှု၊ ဘေးကင်းလုံခြုံမှု၊ အရည်အသွေးပြည့်မီမှုနှင့် သုံးစွဲသူစိတ်ကျေနပ်မှုတို့အပေါ် အထူးအလေးထားပြီး ဆေးပြား၊ ဆေးရည်၊ လိမ်းဆေး၊ ဆေးမှုန့်၊ ထိုးဆေး၊ မြွေဆိပ်ဖြေဆေးနှင့် ကာကွယ်ဆေးစုစုပေါင်း (၁၉၃) မျိုးကို သင့်တင်မျှတသော ဈေးနှုန်းများဖြင့် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချပေးလျက်ရှိပါကြောင်း၊ စတုတ္ထ (၁)နှစ်တာကာလအတွင်း ဆေးဝါးစက်ရုံ(အင်းစိန်)မှ ဆေးအသစ် ၁၀ မျိုး၊ ဆေးဝါးစက်ရုံ (အင်ရောင်း)မှ ၂ မျိုး၊ သုတေသနဌာနမှ ၁ မျိုး စုစုပေါင်း ၁၃ မျိုး တီထွင် ထုတ်လုပ်နိုင်ခဲ့ပါကြောင်း။
အမှတ် (၁) အကြီးစားစက်မှုလုပ်ငန်းအနေဖြင့် ၂၀၁၉ ခုနှစ် မေလတွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် မော်တော်ယာဉ် လုပ်ငန်းဆိုင်ရာ မူဝါဒအား သတ်မှတ်ထုတ်ပြန် ခဲ့ပြီးဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ဆိုင်ရာဆောင်ရွက်ချက်များအနေဖြင့် ပို့ကုန်ကြိုတင်ခွန် ၂ ရာခိုင်နှုန်း ကင်းလွတ်ခွင့်ပြုပေးခဲ့ပြီး ကုန်သွယ်လုပ်ငန်းခွန်/ ဝင်ငွေခွန်ပေးဆောင်သည့် ကာလကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်ကုန်အထိ ရွေ့ဆိုင်းပေးထားပါကြောင်း၊ ပုံမှန်ဝင်ငွေမရှိသော အခြေခံ လူတန်းစားများကို အိမ်ထောင်စု တစ်စုလျှင် ဆန်၊ ဆီ၊ ဆား၊ ပဲ၊ ကြက်သွန် အမယ်(၅) မျိုးအား ဝေငှပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရ (၁၄) ခု သို့ ပထမအကြိမ် ငွေကျပ် ၄၉ ဒသမ ၄၀၂ ဘီလီယံ ထောက်ပံ့ပေးခဲ့ပြီး ဒုတိယအကြိမ် အခြေခံ စားကုန် (၅)မျိုးထောက်ပံ့ရာတွင် ကျန်ရှိသည့်အိမ်ထောင်စုများအတွက် ငွေကျပ် ၂၁ ဒသမ ၇၀၃ ဘီလီယံ ငွေကြေးထောက်ပံ့နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အသေးစား ငွေရေးကြေး ရေး အဖွဲ့အစည်းများသို့ သက်သာသော ချေးငွေထုတ်ချေးရေး၊ လက်ဖက်ရည် ဆိုင်နှင့် စားသောက်ဆိုင်ငယ်များသို့ သက်သာသော ချေးငွေထုတ်ချေးရေး၊ တောင်သူလယ် သမားများသို့ စိုက်ပျိုးစရိတ်ချေးငွေကို ထပ်ဆောင်းထုတ်ချေးရေးတို့ကို ဆောင်ရွက်လျက်ရှိပါ ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် သတင်းမီဒီယာများက ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဉပဒေ(မူကြမ်း) ရေးဆွဲနေခြင်း၏ ရည်ရွယ်ချက်၊ လုပ်ငန်းစဉ်နှင့် အကျိုးသက်ရောက်မှုများကို သိရှိလိုကြောင်း မေးခွန်းနှင့်စပ်လျဉ်း၍ ပင်စင်ဉီးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာဝါဝါမောင်က လက်ရှိမြန်မာနိုင်ငံ၏ ပင်စင်စနစ်သည် ပြုပြင်ပြောင်းလဲရန် လိုအပ်လျက်ရှိပါကြောင်း၊ မြန်မာ နိုင်ငံ၏ ပင်စင်စနစ်မှာ ရန်ပုံငွေထူထောင်ထားခြင်းမရှိဘဲ နိုင်ငံတော်ဘတ်ဂျက်မှ သုံးစွဲသည့် စနစ်ဖြစ်ပါကြောင်း၊ ပင်စင်ရန်ပုံငွေထူထောင်ခြင်း စနစ်ကို အခြားနိုင်ငံများတွင် ဆောင်ရွက် လျက်ရှိပါကြောင်း၊ ထို့ကြောင့် ပင်စင်ရန်ပုံငွေထူထောင်ခြင်းစနစ်ကို ကျင့်သုံးရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပင်စင်အသုံးစရိတ်မှာ လက်ရှိနိုင်ငံ့ GDP ၏ ၁ ရာခိုင်နှုန်းကျော်ခန့်ရှိသည့် အပြင် အခွန်ရငွေ၏ ၆ ပုံ ၁ ပုံ ခန့်ရှိသည့်အတွက် သုံးစွဲမှုအနေဖြင့် များပြားသည်ဟုပြော၍ ရပါကြောင်း၊ ထို့ကြောင့် သီးသန့်ရန်ပုံငွေတစ်ရပ် ထူထောင်ဆောင်ရွက်ရန် လိုအပ်လာပါကြောင်း၊ ရေရှည်တွင် မြန်မာနိုင်ငံ၏ ပင်စင်စနစ် ရေရှည်တည်တံ့ခိုင်မြဲရန်နှင့် ဘဏ္ဍာရေးအရ ခံနိုင်ရည်ရှိရန် ရည်ရွယ်ပြီး ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေဉပဒေကို ပြဋ္ဌာန်းပြီး ဆောင်ရွက်ရန် အစီအစဉ်ရှိပါကြောင်း၊ ယခု ဝန်ထမ်းနောင်ရေး ဗဟိုရန်ပုံငွေ မဟာဗျူဟာ၊ လုပ်ငန်းစဉ်နှင့် ဘတ်ဂျက်ကို ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေး၏ ခွင့်ပြုမိန့်ရရှိပြီးဖြစ်၍ မူကြမ်းအဆင့် ထုတ်ပြန်ခဲ့ပါကြောင်း၊ ပြည်ထောင်စုရှေ့နေချုပ်ရုံးမှ ဉပဒေကြောင်းအရ သဘောထားမှတ် ချက်ပေးရန် မရှိသည့်အတွက် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့ တင်ပြဆောင်ရွက် နေပြီဖြစ်ပါကြောင်း၊ ယင်းနောက် လွှတ်တော်သို့တင်ပြပြီး ဉပဒေပြဋ္ဌာန်းရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အကောင်အထည်ဖော်မှုပုံစံအရ ဝန်ထမ်းများ လုပ်သက် ၁၀ နှစ်အထက် ဝန်ထမ်းများအနေဖြင့် မူလပင်စင်စနစ်အတိုင်းသွားမည်ဖြစ်ပြီး လုပ်သက် ၁၀ နှစ်အောက် ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းနောင်ရေးရံပုံငွေ ဉပဒေအရ အကျုံးဝင် မည်ဖြစ်ကြောင်း၊ ထို့ပြင် ယင်းဉပဒေပြဋ္ဌာန်းပြီးပါက အစိုးရဝန်ထမ်းများအနေဖြင့် ယင်းဉပဒေ နှင့် အကျုံးဝင်မည်ဖြစ်ပါကြောင်း၊ ယင်းရန်ပုံငွေစနစ် ထူထောင်ခြင်းမှာ နိုင်ငံတော်အစိုးရ၏ ဘဏ္ဍာဝန်ထုပ်ဝန်ပိုး လျော့ကျအောင်နှင့် နိုင်ငံ့ဝန်ထမ်းများ လူမှုစီးပွားဘဝဖူလုံစေရန် အတွက် ရေရှည်ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း ရှင်းလင်းဖြေကြားသည်။
ဆက်လက်၍ သတင်းမီဒီယာများက ရန်ကုန်ဆိပ်ကမ်းရှိ X-Ray စက်များ အခြေအနေ၊ ပုဂ္ဂလိကပိုင် X-Ray စက်ပိုင်ရှင်များနှင့် စာချုပ်ပြင်ဆင်ချုပ်ဆိုမှုများ ဆောင်ရွက်နေမှု အခြေ အနေ၊ ဌာနဆိုင်ရာအရာရှိတချို့ မြန်မာ့စီးပွားရေးဦးပိုင် လီမိတက်၏ Boad of Director အဖြစ် ပါဝင်နေမှုနှင့်ပတ်သက်၍ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံး၏ သဘောထားမှတ်ချက်တောင်းခံ ထားမှု အခြေအနေ၊ စက်မှုဝန်ကြီးဌာနမှ လွှဲပြောင်းရယူထားသည့် အကြီးစားစက်ရုံများ အခြေအနေ၊ တရုတ်နိုင်ငံ၏ ချေးငွေရယူနေမှုအခြေအနေ၊ မြင်းခြံသံမဏိစက်ရုံ နှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးရေး အဖွဲ့၏ စစ်ဆေးဆောင်ရွက်နေမှု အခြေအနေ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ အသုံးစရိတ် ခန့်မှန်လျာထားမှုအခြေအနေ၊ ဟောင်းနွမ်းငွေစက္ကူများ ပပျောက်ရေးဆောင်ရွက် နေမှုအခြေအနေ၊ တရုတ် - မြန်မာ စီးပွားရေးစင်္ကြန်လမ်း Master Plan နှင့် တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခြေအနေ၊ ပိုးလမ်းမစီမံကိန်းတွင် မြန်မာနိုင်ငံကို အဆိုပြုထားသည့် စီမံကိန်းများ ဆောင်ရွက်နေမှုအခြေအနေ၊ အခြေခံလူတန်းစားများကို ငွေကျပ် ၂၀၀၀၀ ပေးဝေသွား မည့် အခြေအနေ၊ ယခင်ပုဂ္ဂလိကသို့ လွှဲပြောင်းပေးသည့် စက်ရုံအလုပ်ရုံများမှ ဖြစ်ပေါ်နေ သည့် ပြဿနာများကို ဖြေရှင်းဆောင်ရွက်ပေးနေမှု အခြေအနေ၊ စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးပါက ဝန်ထမ်းများအတွက် ထည့်သွင်း စဉ်းစားဆောင်ရွက်ပေးနေမှု အခြေအနေ၊ စက်ရုံအလုပ်ရုံများကို ပုဂ္ဂလိကသို့ လွှဲပြောင်းပေးရန် အစီအစဉ် ရှိ/မရှိ၊ ကိုဗစ်-၁၉ ကာလတွင် Micro Finance များကို အတိုးနှုန်းလျှော့ချပေးရန် အစီအစဉ် ရှိ/မရှိ တို့နှင့် စပ်လျဉ်း၍ မေးမြန်းကြရာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း နှင့်တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားကြသည်။
(သတင်းစဉ်)


