မော်လမြိုင် ၂၅   ဇွန်

 

မွန်ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ကိုဗစ်ကာလအထူးချေးငွေများကို ဇွန်လအတွင်း ထုတ်ချေးပေးသွားမည်ဟု မွန်ပြည်နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ သိရသည်။

 

COVID-19 ကပ်ရောဂါကြောင့် မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင်လည်း အထိုက်အလျောက် ထိခိုက်မှုများရှိခဲ့အတွက် ၂၀၂၀ ပြည့်နှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေရရှိသူ တောင်သူလယ်သမားများသို့ COVID-19 အထူးချေးငွေအဖြစ် ထပ်ဆောင်း၍ ပံ့ပိုးထုတ်ချေးခြင်း ဖြစ်သည်။

 

“ကိုဗစ်-၁၉ ကာလမှာ ကဏ္ဍတော်တော်များများမှာ ရိုက်ခတ်မှုတွေ ရှိလာတယ်၊ လယ်ယာကဏ္ဍ တစ်ခုလည်း အပါအဝင်လည်းဖြစ်ပါတယ်၊ ဒါကြောင့်မို့ ခုလိုတောင်သူလယ်သမားတွေရဲ့ စိုက်ချိန်ပျိုးချိန် ခုလို မိုးကျချိန်မှာပေါ့နော်၊ ကိုဗစ်-၁၉ အထူးချေးငွေပေါ့နော်၊ (COVID-19 Special Relief Loan)၊ အဲဒါကို ဒီဇွန်လထဲမှာ စတင်ထုတ်ချေးပေးဖို့ စီမံဆောင်ရွက်ပေးနေတာ ရှိပါတယ်၊ တစ်ဧကကို (၅၀ဝ၀ဝ)နှုန်းကို အများဆုံး(၁၀)ဧကအထိ ထုတ်ချေးပေးဖို့အတွက် စီမံဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု မွန်ပြည်နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ပြည်နယ် မန်နေဂျာ ဦးကျော်စွာလှိုင်က ပြောသည်။

 

အရင်ကစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးရာမှာ သီးနှံအပေါ်မူတည်ပြီး ထုတ်ချေးနေခြင်းဖြစ်ပြီး ယခု ကိုဗစ် အထူးချေးငွေမှာ မြေယာပိုင်ဆိုင်မှု အပေါ်မူတည်၍ ချေးပေးခြင်းဖြစ်ကြောင်း  ဦးကျော်စွာလှိုင်က ဆက်လက်ပြောသည်။

 

“ပထမချေးငွေနဲ့ ပေါင်းလို့မရဘူး၊ ဒါက ကိုဗစ်-၁၉ သီးသန့် (COVID-19 Special Relief Loan)၊ အနေနဲ့ ထုတ်ချေးပေးတာဖြစ်ပါတယ်၊ အရင်စိုက်ပျိုးစရိတ်ချေးငွေဆိုတာ သီးနှံအပေါ်မှာ မူတည်ပြီးတော့ ထုတ်ချေးပေးနေတာဖြစ်ပါတယ်၊ လယ်သမားတစ်ဦးက လယ်(၁၀)ဧကရှိတယ်၊ မိုးစပါးလည်းစိုက်မယ်၊ ဆောင်းသီးနှံလည်းစိုက်မယ်ဆိုရင် သီးနှံနှစ်မျိုးလုံးအတွက် စိုက်ပျိုးစရိတ်ထုတ်ချေးခွင့်ရှိပါတယ်၊ ကိုဗစ် ကျတော့ မြေကို ချေးပေးတာဖြစ်တဲ့အတွက် ဒီဟာကို တောင်သူလယ်သမားတစ်ဦးအနေနဲ့ စိုက်ဧက တစ်ခုကို တစ်ခါပဲ ငွေချေးခွင့်ရှိပါတယ်။

 

ဒါ့အပြင် ကိုဗစ်ကာလအထူးချေးငွေ ထုတ်ချေးရာမှာ ယခင်နှစ်စိုက်ပျိုးရေးစရိတ်အကြွေးကျန် မရှိသူဖြစ်ရမည့်အပြင် ပုံစံ(၇)ရှိရမည်ဖြစ်ပြီး ယခုနှစ်မိုးရာသီစိုက်ပျိုးရေးစရိတ်ချေးငွေ ထုတ်ချေးပြီးသား တောင်သူများလည်း ထပ်မံထုတ်ချေးနိုင်ကြောင်း သိရသည်။

 

မွန်ပြည်နယ်တွင် ချေးမည့်ငွေပမာဏက ဧကပေါင်း(၂၈၇၇ဝဝ)အတွက် ကျပ်သန်းပေါင်း(၁၄ဝဝဝ) ကျော် ထုတ်ချေးပေးသွားမည်ဖြစ်ပြီး အတိုးနှုန်းမှာ (၅)ရာခိုင်နှုန်းဖြစ်ကြောင်း ကိုဗစ်ကာလ အထူးချေးငွေကို ဇွန်လမှ စတင်ပြီး စက်တင်ဘာလကုန်အထိ ထုတ်ချေးသွားမည် ဖြစ်ပြီး၊ ချေးငွေ သက်တမ်းအနေဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလကုန်အထိ ဖြစ်ကြောင်း သိရသည်။

 

ကိုဟိန်း(ပေါင်)