တာချီလိတ် ၂၅ ဇွန်
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ် မြန်မာ-လာအို နယ်စပ်ဝင်ပေါက်မှ နေရပ်ပြန် မြန်မာနိုင်ငံသား ကလေးလူကြီး ကျား/မ ပေါင်း ၁၈၆ ဦး ယမန်နေ့က ပြန်လည်ဝင်ရောက်ခဲ့သည်။
ပြန်လည်ဝင်ရောက်လာကြသည့် မြန်မာနိုင်ငံသားများကို ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောနှင့် တာဝန်ရှိသူများက ပြန်လည်လက်ခံခဲ့ကြသည်။
ပြန်လည်ဝင်ရောက်လာသူအားလုံးကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် အပူချိန်တိုင်းတာခြင်း ပြုလုပ်ခဲ့ပြီး သံသယလူနာ မတွေ့ရှိရသဖြင့် နေ့ချင်း မော်တော်ကားများစီစဉ်ပေးကာ မိမိနေရပ်အသီးသီးသို့ ပြန်လည်စေလွှတ်ခဲ့ကြောင်း သိရသည်။
နေရပ်ပြန်များကို ကျန်းမာရေး အထောက်အထားစာရွက် စာတမ်းများထုတ်ပေးပြီး မိမိနေထိုင်ရာဒေသတွင် ပြန်လည်ရောက်ရှိပါက Quarantine ဝင်ရန်နှင့် အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှာကြားချက်များ လိုက်နာရန် စည်းကမ်းချက်များကို ကျန်းမာရေးဦးစီးဌာနမှ အသိပညာပေး ရှင်းလင်းပြခြင်းနှင့် လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ယာဆေး(ပြန်/ဆက်)


