ထားဝယ် ၂၅ ဇွန်
တနင်္သာရီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေးအမှတ်စဉ် (၄/၂၀၂၀) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြင့်မောင်က မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုထားသော နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ရှစ်ခုရှိပါကြောင်း၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ၁၆ ခုရှိပါကြောင်း၊ တနင်္သာရီတိုင်းဒေသကြီး အနေဖြင့် ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ၂၀၁၅-၂၀၁၆ ခု ဘဏ္ဍာရေးနှစ်မှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်အထိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းပေါင်း ၂၈ ခုရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် စိစစ်လျက်ရှိသော လုပ်ငန်းများလည်းရှိပါကြောင်း၊ ခွင့်ပြုထားသော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း များအား သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနှင့် ကိုက်ညီမှုရှိ/မရှိ သေချာစိစစ်ဆောင်ရွက်ရမည်ဖြစ် ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဒေါ်ရီရီချိုက ရင်းနှီးမြှုပ်နှံမှုကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးပြောကြားပြီး တက်ရောက်လာသော ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များက ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးသို့ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ် ဦးမြင့်မောင်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
(ခရိုင် ပြန်/ဆက်)


