နေပြည်တော် ၂၆ ဇွန်
"လောဘ"ကို “လိုချင်မှု” ဟူ၍ ဟော၏။ သို့ရာတွင် လိုချင်မှုဆိုသည် တိုင်းလည်း လောဘမဟုတ်။ တရားဓမ္မကို လိုချင်မှု၊ ပညာကို လိုချင်မှု၊ အများအကျိုးပြုရန်အလို့ငှာ ဓနဥစ္စာတို့ကို လိုချင်မှုမျိုး တို့မှာမူ လောဘမဟုတ်၊ ဆန္ဒသာဖြစ်သည်။ လောဘဟူ၍ ဆိုအပ် သည့် လိုချင်မှုမျိုးမှာမူ တမ်းတမ်းစွဲ၊ ငမ်းငမ်းတက်၊ တပ်မက် တွယ်တာစွာ လိုချင်မှုမျိုးဖြစ်သည်။
လောဘက လိုချင်သည်ဟုဆိုရာတွင် မျက်စိဖြင့် မြင်ရသည့် အဆင်း၊ နားဖြင့်ကြားရသည့်အသံ၊ နှာခေါင်းဖြင့် ရှူရှိုက်ရသည့် အနံ့၊ လျှာဖြင့်ခံစားရသည့် ရသာ၊ ကိုယ်ဖြင့်ထိတွေ့ရသည့် အတွေ့ ဟူသော ကာမဂုဏ်အာရုံတို့ကို သာမန်လိုချင်ရုံမျှမဟုတ်ဘဲ ထမင်း ဆာရေငတ်သကဲ့သို့ ကတ်ကတ်သတ်သတ် ငတ်မွတ်တွယ်တာစွာ လိုချင်ခြင်းဖြစ်သည်။ လောဘသမားသည် သူလိုချင်သည့်အရာကို ရပြီးသည့်အခါတွင်လည်း မည်သည့်အခါတွင်မှ ရောင့်ရဲ တင်းတိမ်ခြင်းမရှိ။ မည်သည့်အခါတွင်မျှ ပြီးပြည့်စုံသွားခြင်းမရှိ။ နောက်ထပ် နောက်ထပ်အာရုံသစ်များကို အမြဲရှာဖွေနေပြန်သည်။ လောဘက ထိပ်ကပ်နေသည့်အခါ မိမိလိုချင်သည့် အရာမှန်သမျှကို တရားသည် ဖြစ်စေ၊ မတရားသည်ဖြစ်စေ၊ ကျင့်ဝတ်နှင့် ညီသည်ဖြစ်စေ၊ မညီ သည်ဖြစ်စေ အရှက်အကြောက်ကင်းမဲ့စွာဖြင့် ရယူကြသည် မတော် မတရားပြုရမည်ကို လည်းကောင်း၊ မမှန်မကန်ပြုရမည်ကို လည်းကောင်း ရှက်ခြင်း၊ ကြောက်ခြင်းတို့သည် လောဘသမားတွင် လုံးဝ မရှိတော့။ လောဘသမားတွင် ကာမဂုဏ်ကို ကပ်ငြိတပ်မက် သည့် လောဘအပြင် လွဲမှားစွာ ထင်မြင်ယူဆခြင်းဟူသည့် ဒိဋ္ဌိနှင့်ထောင်လွှားဝင့်ကြွားသည့် မာနတို့ကလည်း တစ်ပါတည်း ကပ်ပါ နေပြီဖြစ်ရာ ငါလုပ်သည်မှာ အမှန်၊ ငါနှင့်ထိုက်၍ ငါရသည်၊ ငါမှသာ တတ်နိုင်သည်ဟူသော အတွေးတို့က ထိုသူ၏ သန္တာန်ကို လွှမ်းမိုး နေပြီဖြစ်သည်။
လောဘသမား ဈေးသည်ဖြစ်လျှင် ပစ္စည်းမမှန်၊ အလေးချိန်ခွင် မမှန်ရောင်းချတော့မည်။ လောဘသမားကုန်သည်ဖြစ်လျှင် အမြတ် ကြီးကြီးရမည်ဆိုပါက လူ၊ လက်နက်၊ မူးယစ်ဆေးဝါးတို့ကိုပင် ကုန်စည် အဖြစ် ရောင်းဝယ်ကြမည်။လောဘသမားလုပ်ငန်းရှင်ဖြစ် ပါက မမှန်မကန်ကုန်ပစ္စည်းတို့ကို ထုတ်လုပ်ကြမည်။ လောဘသမား ဝန်ထမ်းဖြစ်ပါက ရာထူးကိုအကြောင်းပြု၍လုပ်ပိုင်ခွင့်ကို အလွဲသုံး မစားလုပ်ကာ အကျင့်ပျက်အဂတိလိုက်စားကြမည်။ အလိုလောဘ ကြီးသူတို့က လောကကြီးကို တစ်ဖက်စောင်းနင်းဖြစ်အောင်၊ မမျှ မတဖြစ်အောင်ပြုလုပ်နေကြသည့် သဘောပင်ဖြစ်သည်။ စင်စစ် အားဖြင့် လောဘသည် အကုသိုလ်စေတသိက် ၁၄ ပါးတွင် ထိပ်ဆုံး ကပါသည့် အကုသလဓမ္မအစစ်ဖြစ်သည်။ မကောင်းမျိုးအစစ် ပါပဇာတိဖြစ်၍ စိတ်ကိုပူလောင်ဆင်းရဲစေသလို ငရဲသို့လည်း ကျစေ -တတ်သည်။ လောဘနှင့်သေသူတို့မှာ ပြိတ္တာဘဝသို့ လားရာဂတိ ဖြစ်ကြသည်။
ကုသိုလ်အထောက်အပံ့မရှိသရွေ့မူလောဘသေးသေးသည်ပင် အပါယ်သို့ ဆွဲချနိုင်သည့် သတ္တိရှိသည်။ မိမိတို့၏ စိတ်သန္တာန်မှလောဘအညစ်အကြေးကို သန့်စင်စေရန်မှာ အလောဘခေါ် လိုချင် တပ်မက်မှုမရှိသည့် စိတ်ကို မွေးမြူကျင့်ကြံကြရမည်ဖြစ်သည်။ ပစ္စည်းဥစ္စာ ဓနရှာဖွေခြင်း၊ ဝမ်းစာရှာဖွေခြင်းတို့သည် လူသားတိုင်း မဖြစ်မနေ ဆောင်ရွက်ကြရမည်ဖြစ်သော်လည်း လောဘဦးစီး၊ ဒိဋ္ဌိမာနအခြံအရံဖြင့် မလုပ်မိကြဖို့က လိုရင်းဖြစ်သည်။ လောဘ တရားတို့ ပါး၍ အဂတိတို့ဆိတ်သုဉ်းသည်နှင့်အမျှ လူ့ဘောင် လောက ပို၍ ပို၍လှပလာမည်သာဖြစ်သည်ဟူ၍ အကျိုးမျှော်ကာ နှိုးဆော်အပ်ပါကြောင်း။ ။
မြန်မာ့အလင်း