၂၆ ဇွန်
ဆေးလိပ်သောက်တယ် ဆိုတာက မကောင်းတဲ့ ကိစ္စတစ်ခုပါ။ ကိုယ့်ရဲ့ ကျန်းမာရေးကို ထိခိုက်စေသလို ကိုယ့်ရဲ့ ဆေးလိပ်ငွေ့ကြောင့်လည်း သူတစ်ပါးကိုပါ ထိခိုက်စေနိုင်ပါတယ်။
ကမ္ဘာတစ်ဝှမ်းမှာ ဆေးလိပ်သောက်သုံးသူ သန်း ၁၀ဝ၀ နီးပါးရှိနေပြီးတော့ တစ်နှစ်ကို လူ ၈ သန်းလောက်က ဆေးလိပ်ကြောင့် သေဆုံးနေကြတာပါ။ ဝမ်းနည်းစရာကောင်းတာက အဲ့ဒီထဲက ၁ ဒသမ ၂ သန်းလောက်က ဆေးလိပ်မသောက်သုံးတဲ့လူတွေဖြစ်နေတာပါပဲ။
ကိုယ့်ကိုရော ကိုယ့်ပတ်ဝန်းကျင်က လူတွေကိုရော ထိခိုက်မှာကို မလိုလားတဲ့ လူတစ်ချို့က ဆေးလိပ်ဖြတ်ဖို့ ကြိုးစားကြပါတယ်။
တကယ်တော့ ဆေးလိပ်ဖြတ်တယ်ဆိုတာက လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ပါဘူး။ ခက်ခဲသလို လူတိုင်းလည်း မအောင်မြင်တတ်ကြပါဘူး။ ဒါကြောင့် လမ်းတစ်ဝက်မှာတင် လက်လျှော့သွားကြရသူ အမြောက်အများရှိခဲ့ပါတယ်။
ကိုယ်တိုင်ကလည်း ဆေးလိပ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒရှိပြီး လမ်းတစ်ဝက်မှာ မအောင်မမြင် ဖြစ်သွားမှာလည်း စိုးရိမ်နေသူတွေအတွက် အမေရိကန်က အမျိုးသားကျန်းမာရေးဝန်ဆောင်မှုဌာန (NHS) ရဲ့ လမ်းညွှန်ချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
ဒီနည်းလမ်းတွေက ဆေးလိပ်ဖြတ်နေသူတွေအတွက် ထိရောက်ပြီး အကျိုးရှိစေအောင် ကူညီနိုင်မယ့် နည်းလမ်းတွေဖြစ်ပါတယ်။
ဆေးလိပ်ဖြတ်နေသူတွေ လိုက်နာသင့်တဲ့ နည်းလမ်း ၁၀ ချက်ကတော့
• ၁။ အပြုသဘောဆောင်စွာ တွေးပါ – ဆေးလိပ်ဖြတ်ဖို့ ကြိုးစားရတာက ခက်ခဲတတ်ပါတယ်။ အကောင်းမြင်စိတ်နဲ့ တွေးပြီး ဖြည်းဖြည်းခြင်းကြိုးစားဖို့ လိုအပ်ပါတယ်။
• ၂။ အစီအစဉ်တကျ ပြုလုပ်ပါ – ဖြစ်သလိုတွေးပြီး ကြုံသလိုဖြတ်နေမယ်ဆိုရင် ဆေးလိပ် လုံးဝပြတ်ဖို့ မသေချာပါဘူး။ သေချာ အစီအစဉ်တကျ လုပ်ဖို့ လိုအပ်ပါတယ်။
• ၃။ အာဟာရပြည့်ဝမှုကိုလည်း ထည့်စဉ်းစားပါ – ဆေးလိပ်သောက်သူတွေရဲ့ Favorite After-dinner က ဆေးလိပ်ပါပဲ။ ခံတွင်းချဉ်လို့ ဆိုတဲ့ အကြောင်းပြချက်လေးနဲ့ပေါ့။ အသားတွေ အများကြီး စားတာက ဆေးလိပ်သောက်ချင်စိတ်ကို ပိုပြီးတိုးပွားစေပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်ချိန်မှာ အသားလျှော့စားတာ အကောင်းဆုံးပါ။
• ၄။ အဖျော်ယမကာ မှီဝဲတဲ့ ပုံစံကိုလည်း ပြောင်းလဲပါ – အချိုရည်တွေ၊ အယ်လ်ကိုဟောတွေ၊ ကော်ဖီတွေဟာ ဆေးလိပ်ရဲ့ အရသာကို ပိုကောင်းစေတတ်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်တော့ မယ်ဆိုရင် ဒါတွေကိုပါ ရှောင်ကြဉ်ရပါလိမ့်မယ်။
• ၅။ ကိုယ့်စိတ်ဆန္ဒကို ကိုယ်နားလည်ပါ – ကိုယ်က ဘယ်အချိန်မှာ ဆေးလိပ်သောက်ချင်တတ်လဲ၊ တစ်နေ့ ဘယ်နှစ်လိပ်လောက် သောက်တတ်သလဲဆိုတာကို တိတိကျကျ သိနားလည်ထားဖို့လည်း လိုအပ်ပါတယ်။ ဆေးလိပ်သောက်ချင်စိတ်ပေါ်လာရရင် ထိန်းချုပ်နိုင်ဖို့ ဒီအချက်ကလည်း အရေးကြီးလှပါတယ်။
• ၆။ ပါးစပ်ကို အလုပ်ရှုပ်နေပါစေ – ပီကေဝါးနေတာမျိုး၊ သကြားလုံးငုံတာမျိုးတွေက ဆေးလိပ် သောက်ချင်စိတ်ကို လျှော့ချပေးနိုင်ပါတယ်။
• ၇။ ပတ်ဝန်းကျင်ထံက အကူအညီရယူပါ – မိသားစုဝင်တွေ၊ ချစ်ခင်ရင်းနှီးရသူတွေဆီက အားပေးမှု ကူညီမှုတွေလည်း ရဖို့ လိုအပ်ပါတယ်။
• ၈။ လေ့ကျင့်ခန်း ပုံမှန်လုပ်ပေးပါ – ခန္ဓာကိုယ် ကျန်းမာနေစေဖို့နဲ့ ဆေးလိပ်သောက်ချင်စိတ်ကို လျှော့ချဖို့ လမ်းလျှောက်တာမျိုး၊ လေ့ကျင့်ခန်းလုပ်တာမျိုးတွေ လုပ်ပေးဖို့လည်းလိုအပ်ပါတယ်။ လေ့ကျင့်ခန်း များများလုပ်ရင် ဦးနှောက်ကနေ ဆေးလိပ်သောက်ချင်စိတ် လျော့ကျစေမယ့် ဓာတုပစ္စည်းတွေ ပိုပြီး များများထုတ်ပေးတတ်ပါတယ်။
• ၉။ ဆေးလိပ် မသောက်တတ်တဲ့ မိတ်ဆွေတွေနဲ့ ပိုမိုပေါင်းသင်းပါ – ကိုယ့်ရှေ့က အပေါင်းအသင်းက သောက်ပြနေရင် ကိုယ်လည်း ပြန်သောက်မိလာနိုင်ပါတယ်။ ဒါမှမဟုတ် သူတို့က အတင်းတိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဆေးလိပ်ဖြတ်နေချိန်မှာ ဆေးလိပ် မသောက်သူတွေနဲ့ ပေါင်းသင်းပါ။
• ၁၀။ ဘာကြောင့် ဆေးလိပ်ဖြတ်သင့်တာလဲဆိုတဲ့ စာရင်းလုပ်ပါ – ဆေးလိပ်ဖြတ်နေစဉ်မှာ လက်မလျှော့ဖြစ်အောင် စာရင်းလေးလုပ်ထားပြီး ကိုယ်ဘာကြောင့် ဆေးလိပ်ဖြတ်သင့်တာလဲဆိုတာကို အချက်အလိုက် စာရင်းပြုစုထားပါ။ နည်းနည်း စိတ်ယိုင်ချင်လာချိန်တွေမှာ ဒီစာရင်းကို ပြန်ပြန်ဖတ် ပေးပေါ့။
ဆေးလိပ်သောက်သုံးတာက ကျန်းမာရးဆိုင်ရာ ဆိုးကျိုးတွေများပြားလှပါတယ်။ ဒါကို သိနားလည် သွားသူတွေက ဆေးလိပ်ဖြတ်ဖို့ ကြိုးစားတတ်ကြပါတယ်။ ဒါပေမယ့် ဆေးလိပ်သောက်ဖို့ ကြိုးပမ်းသူတိုင်း အောင်မြင်ကြတာတော့ မဟုတ်ပါဘူး။
ဆေးလိပ်ကို အောင်အောင်မြင်မြင်ဖြတ်နိုင်ဖို့ဆိုရင် ဆုံးဖြတ်ချက် ပြတ်ပြတ်သားသားချမှတ်ပြီး တိတိကျကျလုပ်ဆောင်ဖို့က အရေးကြီးပါတယ်။ ဆေးလိပ်ဆက်သောက်ရင် ဘယ်လို ဆိုးကျိုးတွေ ကြုံရလာမယ်ဆိုတာကို သိနားလည်ထားပါစေ။
ဥပမာ ဆေးလိပ်နဲ့ အရက်တွဲသောက်ရင် သာမာန်လူတစ်ယောက်ထက် ခံတွင်းကင်ဆာဖြစ်နိုင်ခြေ ၃၈ ရာခိုင်နှုန်း ပိုများတယ်ဆိုတာမျိုးပေါ့။ ဒါကြောင့် သင်ဆေးလိပ်သောက်ဖြစ်နေတယ်ဆိုရင် ခပ်မြန်မြန်သာဖြတ်လိုက်ပါတော့။
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
ရေးသားသူ Ye Zon Aung
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”