ဘုတလင်   ၂၆   ဇွန်

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ် တွင်းတော်ကြေးခေတ် ရှေးဟောင်းယဉ်ကျေးမှု ဧရိယာအတွင်း ပါဝင်သည့် လယ်ယာမြေများအတွက် မြေယာလျော်ကြေးနှင့် နှစ်ရှည်သီးနှံပင်များအတွက် နစ်နာကြေးများကို ယမန်နေ့က မြို့နယ်စီမံခန့်ခွဲမှုကော်မတီရုံး၌ ပေးအပ်ခဲ့ကြောင်း သိရသည်။

 

ထိုသို့ပေးအပ်ရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်ဟန်ထွန်းက အမှာစကား ပြောကြားပြီး ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(စစ်ကိုင်းဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မိုးမိုးသိန်းက မြေယာ လျော်ကြေးနှင့် နှစ်ရှည်သီးနှံပင်များအတွက် နစ်နာကြေး ပေးအပ်ရခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် တောင်သူ(၁၆)ဦး၏ လယ်ယာမြေဧက(၅၀)အတွက် တစ်ဧကလျှင် ကျပ်သိန်း (၃၀)နှုန်းဖြင့် မြေယာလျော်ကြေး ကျပ်သိန်း (၁၅၀၀)နှင့် နှစ်ရှည်သီးနှံပင်များအတွက် နစ်နာကြေး ၄၄၅၈၀၀၀ ကိုပေးအပ်ခဲ့ပြီး တောင်သူများက လယ်ယာမြေလုပ်ပိုင်ခွင့်လက်မှတ် ပုံစံ(၇)များကို ပြန်လည်အပ်နှံခဲ့ကြောင်း သိရသည်။

 

အဆိုပါတွင်းတော်ကြေးခေတ် ရှေးဟောင်းယဉ်ကျေးမှုဧရိယာသည် (၅၇)ဧကရှိပြီး ယခင်ဘဏ္ဍာရေးနှစ်က တောင်သူနှစ်ဦးအား လယ်ယာမြေ (၇)ဧကအတွက် မြေယာလျော်ကြေးပေးအပ်ခဲ့ပြီး ကျန်ရှိသည့် လယ်ယာမြေ ဧက(၅၀)အတွက် ယခုဘဏ္ဍာရေးနှစ်တွင် ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ဖိုးခါး(ပြန်/ဆက်)