ဘောလခဲ  ၂၆  ဇွန်

ကယားပြည်နယ်၊ ‌ဘောလခဲမြို့တွင် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး နည်းပညာပေးသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ကယားပိုင်းရပ်ကွက်၊ မြို့မဗဟိုသာသနာပြုကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။

 

ရှေးဦးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်အောင်က “တောင်သူများအနေဖြင့် စိုက်ပျိုးရေးနည်းပညာများနှင့် ပတ်သက်၍ ပို့ချမည့်သင်ခန်းစာကို သေသေချာချာ လေ့လာမှတ်သားပြီး အကျိုးရှိအောင် ဆောင်ရွက်သွားကြရန် တိုက်တွန်း မှာကြားလိုကြောင်း၊ ဘောလခဲမြို့နယ်တွင် နှမ်းသီးနှံ (၄၅၄၄၂)ဧက စိုက်ပျိုးထုတ်လုပ်ရန် လျာထားလျက်ရှိကြောင်း၊ တောင်သူများ စိုက်ပျိုးသောသီးနှံများ ထွက်နှုန်းကောင်းပြီး ဈေးကွက်လည်းဝင်မည်ဖြစ်ရာ စိုက်ပျိုးရေး အလေ့အကျင့်ကောင်း ရရှိမည်ဆိုလျှင် နိုင်ငံအတွက်၊ တောင်သူများအတွက်ပါ အများကြီး အကျိုးဖြစ်ထွန်းမည် ဖြစ်ကြောင်း” ပြောကြားသည်။

 

ဆက်လက်ပြီး ခရိုင်စိုက်ပျိုးရေးဦးစီးမှူးက သီးနှံအထွက်နှုန်းကောင်းဖို့ဆိုလျှင် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲ စိုက်ပျိုးရမည်ဖြစ်ပြီး သွင်းအားစုဖြစ်သည့် ဓာတ်မြေဩဇာထည့်သင့်လျှင်လည်း ထည့်ရမည်ဖြစ်ကြောင်း၊ ပိုးမွားရောဂါ ကျရောက်မည်ဆိုလျှင် ကာကွယ်မည့်နည်းလမ်း၊ ဆောင်ရန်ရှောင်ရန်များကို ပို့ချပေးမည်ဖြစ်ကြောင်း ပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား (၅၀)ဦး တက်ရောက်ခဲ့ပြီး စိုက်ပျိုးရေးနည်းပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဖိုးရယ်