တောင်ကြီး ၂၆  ဇွန်

(၃၃)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့နှင့် မီးရှို့ပွဲကို ဇွန်(၂၆)ရက်၊ နံနက်(၁၀)နာရီအချိန်က တောင်ကြီးမြို့ အဝေရာကုန်းသာယာ မီးပုံးပျံကွင်း၌ ကျင်းပကြောင်း သိရသည်။

 

ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အဖွဲ့နာယက ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် က ရှမ်းပြည်နယ်အတွင်းမှာ ဖျက်ဆီးခဲ့သည့် မူးယစ်ဆေးဝါးများနှင့် အစပျိုးဓာတုပစ္စည်းများကို နှစ်အလိုက် နှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၁၀၉) သန်း၊ ၂၀၁၉ ခုနှစ်မှာ အမေရိကန်ဒေါ်လာ (၁၅၀)သန်း ကျော် တန်ဖိုးရှိသည့် မူးယစ်ဆေးဝါးများနှင့် ဓာတုပစ္စည်းများကို ဖျက်ဆီးခဲ့ပြီးဖြစ်ကြောင်း၊ ယနေ့ တောင်ကြီးမြို့မှာ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး​၏ ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ(၂၃၂) သန်းကျော်| လားရှိုးမြို့မှာ မီးရှို့ဖျက်ဆီးမည့် မူးယစ်ဆေးဝါး​၏ ကာလတန်ဖိုးက အမေရိကန်ဒေါ်လာ(၄၂၀) သန်းခန့်| ကွတ်ခိုင်မြို့မှာ ကြိုတင်ဖျက်ဆီးခဲ့သည့် ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းတွေ​၏ တန်ဖိုးက အမေရိကန်ဒေါ်လာ(၂.၃) သန်းကျော်တို့ ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ်အတွင်း ယခုနှစ် အမေရိကန်ဒေါ်လာ (၆၅၄) သန်း တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ဖျက်ဆီးမည် ဖြစ်သည့်အတွက် ယခင်နှစ်ထက် အမေရိကန်ဒေါ်လာ (၅၀၄) သန်း ပိုမိုဖျက်ဆီးနိုင်မည်ဟု ပြောကြားကြောင်း သိရပါသည်။

 

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားသို့ မြန်မာနိုင်ငံမူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးထံမှ ပေးပို့လာသော သဝဏ်လွှာအား ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ဖတ်ကြားပြီး ရှမ်းပြည်နယ် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်တားဆီး ကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး ရှမ်းပြည်နယ် ရဲတပ်ဖွဲ့မှူးရဲမှူးချုပ် တင်ကိုကိုက မူးယစ်ဆေးဝါးများ မီးရှို့ဖျက်ဆီးခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူများမှ မီးရှို့ဖျက်ဆီးမည့်မူးယစ်ဆေးဝါးများ၊ ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများကို ကြည့်ရှုစစ်ဆေး၍ ဓါတုပစ္စည်းများနှင့် ဆေးရည်များကို မြေကျင်းအတွင်း သွန်ချဖျက်ဆီးပြီး မူးယစ်ဆေးဝါးများအား တစ်ပြိုင်နက် စက်ခလုတ်နှိပ် မီးရှို့ဖျက်ဆီးပေးခဲ့ကြကြောင်း သိရသည်။

 

ယခုနှစ် (၂၀၂၀) ပြည့်နှစ်တွင် ဖမ်းဆီးရမိမူးယစ်ဆေးဝါးများ၊ မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဓာတုပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ ဖျက်ဆီးခြင်းကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ လားရှိုးနှင့် ကွတ်ခိုင်မြို့(၅) နေရာ ပြုလုပ်ခဲ့ပြီး မူးယစ်ဆေးဝါးနှင့် ဓာတုပစ္စည်း (၁၁၃) မျိုး စုစုပေါင်း ကျပ် (၁၂၁၇.၇၁၂) ဘီလီယံ (အမေရိကန်ဒေါ်လာ (၈၃၉) သန်းကျော်နှင့် မူးယစ်ဆေးဝါး ထုတ်လုပ်ရာတွင် အသုံးပြုသော ဆက်စပ်ပစ္စည်း အမျိုးပေါင်း (၅၀) တို့အား ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။

#တောင်ကြီးသတင်းဌာနခွဲ

# MRTV