ခမောက်ကြီး ၂၆ ဇွန်
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့သည် ထိုင်း-မြန်မာနယ်စပ်နှင့် နီးစပ်လျက်ရှိပြီး၊ ပါချန်မြစ်ကြောင်းတစ်လျှောက် မြစ်လက်တက်များ စီးဆင်းရာ ချောင်းငယ်၊ မြောင်းငယ်များတွင် ငါးဖမ်းခြင်း၊ ကဏန်းထောင်ခြင်းလုပ်ငန်းများကို လုပ်ကိုင်စားသောက် အသက်မွေးကြရာ၊ ဖမ်းယူရရှိသော ငါး၊ ပုစွန် ကဏန်းများအား ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချလေ့ရှိသည်။
ယခုအခါ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပါချန်မြစ်ကြောင်း တစ်လျှောက်ကျေးရွာများအား တားမြစ်ကန့်သတ်ထားပြီး ကော့သောင်းမြို့သို့လည်း သွားရောက်ရောင်းချမှု နည်းပါးလာတာကြောင့် ခမောက်ကြီးဒေသမှ ဖမ်းယူရရှိသော ကဏန်းမဲများအား နီးစပ်ရာတွင် ရောင်းချနေရပြီး ဈေးများကျဆင်း လျက်ရှိကြောင်း သိရသည်။
ခမောက်ကြီးမြို့၊ အမှတ်(၄)ရပ်ကွက်မှ ကဏန်းမဲအဝယ်ဒိုင် ဦးနောင်အေးက ရပ်သူရပ်သားများအတွက် လက်ခံဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း၊ ကဏန်းဈေးကွက် ကျဆင်းနေသောကြောင့် ယခင်က တစ်ကီလိုလျှင် အကြီးဆုံးဆိုဒ် ထိုင်းဘတ်(၁၇၀)ကို ယခုအခါထိုင်းဘတ်(၁၅၀)ဖြင့် လည်းကောင်း၊ ယခင်ကထိုင်းဘတ် (၁၃၀) တန်အား ယခုအခါထိုင်းဘတ်(၉၀)ဖြင့်လည်း ကောင်းဝယ်ယူ၍ ပြန်လည်ရောင်းချနေရကြောင်း သတင်းရရှိသည်။
နန့်လေးလေး(ခမောက်ကြီးပြန်/ဆက်)


