ကုန်းကြမ်း  ၂၆   ဇွန်

 

ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးနှင့်ဆင်းရဲမှုလျော့ချရေးအတွက် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ကုန်းကြမ်းမြို့နယ်အတွင်းရှိ လျှပ်စစ်မီးမရရှိ နိုင်သည့်ကျေးရွာနှစ်ရွာသို့ အိမ်သုံး ဆိုလာများ ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀နာရီအချိန်က လောက်ကိုင်မြို့နယ် ဒေသဦးစီးရုံးကဇာတ်ရုံခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထောက်ပံ့သည့် ၁၀ဝ watt ဆိုလာ ၁၁၃ စုံအား ဒေသဦးစီးရုံး အဖွဲ့ဝင်များနှင့် တပ်မတော်သား ကိုယ်စားလှယ်များမှမင်ဟွာလင် ကျေးရွာအတွက်၁၀ဝ watt ဆိုလာ ၇၃ စုံ၊ ယွင်ရှင်ကျိုင်းကျေးရွာအတွက် ၁၀ဝ watt ဆိုလာ အစုံ ၄၀ တို့အား သက်ဆိုင်ရာ ကျေးရွာများသို့ အသီးသီးပေးအပ်ခဲ့ကြသည်။

 

ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတွင် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ အိမ်သုံးဆိုလာ စုစုပေါင်း ၁၄၅၈ စုံ၊ လမ်းမီးတိုင် ၇၀ အား မီးမရရှိနိုင်သည့်ကျေးရွာများသို့ ပေးအပ်ခဲ့ပြီး ဖြစ်ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်း အိမ်သုံးဆိုလာ ၂၂၁၅ စုံ နှင့် အများပြည်သူနှင့်သက်ဆိုင်သော စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦ၊ နှင့် လမ်းမီးတိုင် ၁၀၈ တိုင်တို့အား ကျေးရွာ ၂၃ ရွာသို့ ထောက်ပံ့ပေးအပ်ခဲ့ပြီးဖြစ်ကြောင်း လောက်ကိုင်ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်မျိုးက ပြောသည်။

 

ငြိမ်းသူ