ညောင်ဦး  ၂၆   ဇွန် 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ မြစ်ရေတင်ငါးခုမှ မြစ်ရေတင်ဧရိယာအတွင်း စိုက်ပျိုးရေ အသုံးချလျက်ရှိသော တောင်သူများအတွက် ရေအသုံးချသူများအဖွဲ့ (WUG)နှင့် ရေသုံးစွဲသူများအသင်း (WUA) ဖွဲ့စည်းခြင်းကို ညောင်ဦးမြို့နယ် လက်ပံခြေပေါ် လျှပ်စစ်မြစ်ရေတင် ရှင်လင်းဆောင်တွင် ဇွန် ၂၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က ပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ ညောင်ဦးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစော၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်စိန်တို့က အဖွင့်အမှာစကားပြောကြားကာ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)၊ ဦးဝင်းဆန်း(ညွှန်ကြားရေးမှူး) က ရေအသုံးချသူများအဖွဲ့ ဖွဲ့စည်းထူထောင်ရေးနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ်(PIM) အကောင်အထည်ဖော်ဆောင်ရေး လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားသည်။

 

ယခုလို ရေအသုံးချသူများအဖွဲ့(WUG)နှင့် ရေသုံးစွဲသူများအသင်း (WUA) ဖွဲ့စည်းရခြင်းမှာ လယ်ကြားရေသွင်းမြောင်း တစ်ခုမှမြစ်ရေတင် ရေသောက်တောင်သူအချင်းချင်း အဖွဲ့အစည်းစိတ်ဓာတ်ဖြင့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ မြစ်ရေပေးဝေမှု စီမံခန့်ခွဲခြင်း လုပ်ငန်းစဉ်များနှင့် မြစ်ရေတင်မြောင်း အဆောက်အအုံများ ပြုပြင်ထိန်းသိမ်းမှုလုပ်ငန်းစဉ်များကို မြစ်ရေတင်ရေဖြင့် အသုံးပြုတောင်သူများ ကောင်းစွာသိရှိ နားလည်စေပြီး ဌာနနှင့်အတူပူး ပေါင်းပါဝင်ဆောင်ရွက်လာနိုင်စေရေး၊ ရေပေးရေယူ အခက်အခဲများ ပူးပေါင်းဖြေရှင်းနိုင်စေရေး၊ မြစ်ရေဖြင့်စိုက်ပျိုးရေး လုပ်ကိုင်ကြသော တောင်သူများ မိမိတို့ စိုက်ပျိုးဧရိယာအတွင်း ရေဖြန့်ဝေမှုစနစ်နှင့်သီးနှံ စိုက်ပျိုးမှုပုံစံတို့ကို အကောင်းဆုံးဖြစ်အောင် ကိုယ်တိုင် စီမံပါဝင်နိုင်ရေး တို့အတွက်ဖွဲ့စည်းပေးရခြင်းဖြစ်ပြီး ညောင်ဦးခရိုင် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေး ဦးစီးဌာန(ရေအရင်းအမြစ်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းခိုင်ကရှင်းပြသည်။ ရေ အသုံးချသူများအဖွဲ့တွင် အဖွဲ့ခေါင်းဆောင်၊ ဒုတိယအဖွဲ့ခေါင်းဆောင်၊ အဖွဲ့ဝင်များဖြင့်ဖွဲ့စည်းပြီး ရေသုံးစွဲသူများအသင်းတွင် ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ၊ စာရင်းစစ်၊ ဘဏ္ဍာရေးမှူး၊ အတွင်းရေးမှူးတို့ဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း သိရသည်။

 

ညောင်ဦးမြို့နယ်တွင် လက်ပံခြေပေါ်မြစ်ရေတင်၊ သူကောင်းတည်မြစ်ရေတင်၊ ငါ့သရောက်မြစ်ရေတင်၊ ကျောက်ကူးမြစ်ရေတင်နှင့် လောကနန္ဒာမြစ်ရေတင်တို့ရှိပြီး လက်ပံခြေပေါ်မြစ်ရေတင်တွင် စိစစ်စိုက်ပျိုးဧက (၁၀၀၀)ရှိပြီး မိုးစပါး ၄၂၅ ဧကနှင့်အခြားသီးနှံ ၃၂၅ဧက၊ သူကောင်းတည်မြစ်ရေတင်တွင် စိစစ်စိုက်ပျိုးဧက ၄၃၀၀ ရှိပြီး မိုးစပါး ၂၉၀ ဧက၊ အခြားသီးနှံ ၆၃၀ ဧကရှိကာ၊ငါ့သရောက်မြစ်ရေတင်သည် စိစစ်ဧက ၂၁၈၅ ဧကရှိပြီး မိုးစပါး ၁၀၀ဧက စိုက်ပျိုးကာ အခြားသီးနှံ ၇၀၀ ဧကစိုက်ပျိုးကြောင်း၊ ကျောက်ကူးမြစ်ရေတင်တွင် စိစစ်ဧက ၁၈၀၀ ရှိပြီး မိုးစပါး ၁၂၇ ဧကနှင့် အခြားသီးနှံ ၅၀၈ ဧကစိုက်ပျိုးကြောင်း၊ လောကနန္ဒာမြစ်ရေတင်သည် စိစစ်ဧက (၇၂၀၀) ရှိပြီး မိုးစပါး ၅၁၆ ဧကနှင့် အခြားသီးနှံ စိုက်ပျိုးမှု ၂၀၃၄ ဧက စိုက်ပျိုးကြောင်းလည်း သိရသည်။

မောင်မောင်ထိန်၊ကျောက်ပန်းတောင်း