ရန်ကုန်  ၂၆  ဇွန်

ယခုဘဏ္ဍာနှစ် ကိုးလအတွင်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၄ ဒသမ ၄ ဘီလီယံဝင်ရောက်ထားပြီး မျှော်မှန်းချက် ပြည့်မီနိုင်မည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောသည်။

 

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ယခုဘဏ္ဍာနှစ်အတွက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ၅ ဒသမ ၈ ဘီလီယံ မျှော်မှန်းထားသဖြင့် ပြည့်မီရန် ၁ ဒသမ ၄ ဘီလီယံ လိုသေးသည်။

 

"မနှစ်က တစ်နှစ်လုံးမှ ကန်ဒေါ်လာ ၄ ဒဿမ ၁ ဘီလီယံပဲရတယ်၊ အခု ကိုးလနဲ့ကို ၄ ဒသမ ၄ ဘီလီယံရနေပြီ၊ ကျွန်တော်တို့ လျာထားချက်က ၅ ဒသမ ၈ ဘီလီယံဆိုတော့ နောက်ထပ် ၁ ဒသမ ၄ ဘီလီယံပဲ ကျန်တော့တယ်၊ ကျွန်တော်တို့ရဲ့ ဂိုက်လိုင်းထဲမှာရှိနေတဲ့အချက် ၊ COVID-19 စီးပွားရေး ထိခိုက်မှု သက်သာရေးစီမံချက် (COVID-19 Economic Relief Plan-CERP) ကနေမှ တိုက်တွန်းပေးတဲ့အချက်၊ အလုပ်အကိုင် ရရှိရေးအတွက် ဦးစားပေးဖို့ တိုင်းပြည်ရဲ့ ရည်မှန်းထားတဲ့အချက်၊ နောက်တစ်ခါ COVID-19 ကြောင့် ပြန်လည်နလန်ထူရေးအတွက် စီးပွားရေးအပေါ်မှာ ယခင်ထက် နိုင်ငံတော်ကပိုမိုအာရုံစိုက်ပေးလာတဲ့အချက် အဲဒီအချက် လေးချက်ပေါင်းပြီးတော့မှ ကျွန်တော်တို့သည် ၁ ဒသမ ၄ ဘီလီယံ ဝင်လာမယ်လို့ မျှော်မှန်းထားပါတယ်"ဟု ဦးသန့်စင်လွင်က ပြောသည်။

 

လက်ရှိ COVID-19 ကာလအတွင်း ယခင်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှ မတည်ငွေ ထပ်တိုးသည့် လုပ်ငန်းများ ရှိသည့်အပြင် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များလည်း ဝင်ရောက်လျက်ရှိကြောင်း၊ အဆိုပါရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များကိုလည်း ကျန်ရှိနေသည့် သုံးလတာကာလအတွင်း ဆက်လက်ခွင့်ပြု ပေးသွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

ထို့ပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပြီးခဲ့သည့်ကာလတူထက် များလာခြင်းမှာလည်း လျှပ်စစ်ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုများခြင်းကြောင့်ဖြစ်ကြောင်း ဦးသန့်စင်လွင် က ဆက်ပြောသည်။

 

"ရင်းနှီးမြှုပ်နှံမှုက မနှစ်ကထက် များလာတယ်ဆိုတာ အစိုးရရဲ့ မူအပေါ်လည်းမူတည်ပါတယ်၊ အစိုးရက လျှပ်စစ်ကဏ္ဍကို ဒီနှစ်အတွက် ဦးစားပေးပြီးဆောင်ရွက်တယ်၊ ဒီနှစ် လျှပ်စစ်ကဏ္ဍရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ အရင်နှစ်တွေထက် သာပြီး စွမ်းအင်အပေါ်ကို ရောက်သွားပါတယ်၊ ဒီနှစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုရဲ့ ၂၅ ရာခိုင်နှုန်းလောက်က လျှပ်စစ်ကဏ္ဍဖြစ်သွားတယ်၊ လျှပ်စစ်ကဏ္ဍကို အရှိန်အဟုန်နဲ့ တိုးပြီးလုပ်လိုက်တဲ့အချိန်မှာ လျှပ်စစ်ရဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏက ကြီးပါတယ်၊ ဒါတွေကြောင့် တိုးလာတယ်လို့ပြောလို့ရပါတယ်"ဟု ၎င်းက ထပ်မံပြောကြားသည်။

 

လက်ရှိ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့်လည်း COVID-19 ကာလအတွင်း သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိသည့် လုပ်ငန်းမျိုးနှင့် နိုင်ငံတော်ပိုင် မြေအဆောက်အဦးနှင့် မပတ်သက်သည့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကို လွယ်ကူလျှင်မြန်စွာ ခွင့်ပြုချက်ပေးနေကြောင်း၊ ထို့အတူ Mask ချုပ်ရန် တင်ပြထားသည့် စက်ရုံများကိုလည်း အမြန်ဆုံး ခွင့်ပြုပေးနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

 

"Mask ကိစ္စက အချက်အလက်ပြည့်စုံတာနဲ့ ခွင့်ပြုပေးမှာပါ၊ အမြန်ဆုံးပေးမှာပါ၊ ဒါပေမယ့် တချို့ Mask လုပ်ငန်းတွေကျတော့ ကျန်းမာရေးနဲ့ ဆေးဝါးဌာနရဲ့ ထောက်ခံချက်တွေယူရတယ်၊ ဒီလိုမှမဟုတ်ရင် တာဝန်ယူမှုမရှိတဲ့ စီးပွားရေးလုပ်ငန်းတွေကို ခွင့်ပြုပေးမိရက်သားဖြစ်မှာဆိုးလို့ ဒါကိုစောင့်နေတာပါ၊ အမြန်ရ အမြန်ပေးဖို့ လမ်းညွှန်ထားတာရှိပါတယ်၊ သို့သော်လည်း စစ်ဆေးရတာ စိစစ်ရတဲ့အချက်တွေ ကျန်ပါသေးတယ်၊ တချို့ လက်ရှိချုပ်နေတဲ့လုပ်ငန်းပေါ်မှာ ထပ်တိုးလုပ်တာ ဒါပေမယ့် Mask ဖြစ်တဲ့တွက် ကျန်းမာရေးနဲ့ပတ်သက်တာဖြစ်တဲ့တွက် ကျန်းမာရေးဝန်ကြီးဌာနတို့ FDA တို့ စတဲ့ သက်ဆိုင်ရာဌာနရဲ့ ထောက်ခံချက်တွေလိုပါတယ်"ဟု ဦးသန့်စင်လွင် က ဆက်ပြောသည်။

 

လက်ရှိ ပြည်တွင်း၌ Mask အပါအဝင် ဆေးရုံးသုံးပစ္စည်းများ ထုတ်လုပ်သည့် တရုတ်နိုင်ငံသားပိုင် စက်ရုံ ၃ ရုံနှင့်  ဆေးရုံသုံး ခုတင် ထုတ်လုပ်သည့် မြန်မာနိုင်ငံသားပိုင် စက်ရုံ ၁ ရုံ စုစုပေါင်း စက်ရုံ ၄ ရုံ ရှိကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

ငြိမ်းငြိမ်း