ရွှေကူ ၂၆ ဇွန်
ကချင်ပြည်နယ် ရွှေကူမြို့နယ် စည်ပင်သာယာရေးစျေးများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ထုတ်ပြန်ထားသော ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်ဆောင်ရွက်ရေးအတွက် ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းနှင့် တာဝန်ရှိသူများက ဇွန် ၂၂ ရက်က မြို့နယ်စည်ပင်သာယာရေး စျေးများ၌ ကြည့်ရှုစစ်ဆေးခဲ့သည်။
မြို့နယ်စည်ပင်သာယာရေး စျေးများအား ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်−၁၉ ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့် စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ထားသော စည်းကမ်းသတ်မှတ်ချက်များကို လိုက်နာဆောင်ရွက်စေပြီး ဇွန် ၂၂ ရက်မှစ၍ စျေးဖွင့်ချိန်များအား နံနက် ၅ နာရီခွဲမှ ညနေ ၅ နာရီအထိ ဖွင့်လှစ်ရောင်းချခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေကူမြို့နယ် စည်ပင်သာယာရေးစျေးများ၏ အဝင်တွင် စျေးရောင်း၊ စျေးဝယ်သူများအား ကိုယ်အပူချိန် တိုင်းတာခြင်းနှင့် မဖြစ်မနေ နှာခေါင်းစည်းများ တပ်ဆင်ပြီးမှသာ ဝင်/ထွက်စေခြင်းများကို မြို့နယ်စည်ပင် သာယာရေးဝန်ထမ်းများနှင့် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျော်မျိုးအောင်


