ရန်ကုန် ၂၆ ဇွန်
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှထုတ်ဝေသည့် ဖြောင့်မတ်တည်ကြည်မှု ကျင့်ဝတ်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဆိုင်ရာ ရည်ညွှန်းစာစောင်များ ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့သို့ လွှဲပြောင်းပေးအပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် ရန်ကုန်မြို့ရှိ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တိုင်းဒေသ ကြီးဝန်ကြီးများ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်မှ အဖွဲ့ဝင် ဦးဇော်ဝင်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကော်မရှင်အဖွဲ့ဝင် ဦးဇော်ဝင်းက ယခုရည်ညွှန်းစာစောင်များကို တိုင်းဒေသကြီးအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကိုးကား အသုံးပြုနိုင်ရန်အတွက် လာရောက်လှူဒါန်းခြင်းဖြစ်ကြောင်းနှင့် ရည်ညွှန်းစာစောင်များ ပြုစုဖြန့် ဝေရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီးဝန်ကြီးချုပ်သို့ ရည်ညွှန်း စာစောင် ၁၆ စုံကို လွှဲပြောင်းပေးအပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူပြီး ကျေးဇူး တင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်


