နေပြည်တော် ၂၆ ဇွန်
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် ယမန်နေ့ နံနက် ၇ နာရီကျော်မှစ၍ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ရေနီချောင်း ရေကြီးရေလျှံမှုဖြစ်ရာမှ လူနေရပ်ကွက်များအတွင်း ရေဝင် ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထိုသို့ဖြစ်ပွားရာတွင် မြို့မရပ်ကွက်တွင် မြေထိန်းနံရံ အလျားပေ ၇၀ ခန့် ပြိုကျခြင်း၊ လယ်ဦး ရပ်ကွက်ရှိ တိုင်းရင်းဆေးရုံ ခြံစည်းရိုးပြိုကျခြင်း၊ မြေမဲကျေးရွာနှင့် ကိုးလံကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက် ကိုယ်ထူကိုယ်ထလမ်းသည် လမ်းအောက်ရှိ လိုဏ်ပေါက် များကြောင့် ပေ(၃၀)ခန့် ပြိုကျပျက်စီးခဲ့ခြင်း၊ စုစုပေါင်းနေအိမ်(၂)လုံးပြိုကျပျက်စီးပြီး နေအိမ်(၄)လုံး တစ်စိတ် တစ်ပိုင်း ပျက်စီးခြင်းတို့ဖြစ်ခဲ့ပြီး မြို့မရပ်ကွက်ရှိနေအိမ်(၁၃)လုံးမှာ ကမ်းပါးပြိုကျမည့် အန္တရာယ်ရှိ သဖြင့်လည်းကောင်း၊ ရှောလီဝိုင်းရပ်ကွက်ရှိ နေအိမ်(၂)လုံးအနီးရှိ ကျောက်ရိုးများ အက်ကွဲလာခြင်း ကြောင့်လည်းကောင်း လူများကိုဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် ယနေ့တွင် မိုးကုတ်မြို့သို့သွား ရောက်၍ နေအိမ်ပျက်စီးမှုများနှင့် ဒဏ်ရာရရှိသူများအတွက် ဆန်ရိက္ခာဖိုး၊ အိမ်ဆောက် ပစ္စည်းဖိုး၊ ဒဏ်ရာရထောက်ပံ့ခြင်းများအတွက် စုစုပေါင်း ငွေကျပ်(၉၂၂၄၀၀/-)ကို သွားရောက် ထောက်ပံ့ပေး ခဲ့ပြီး တာဝန်ရှိသူများနှင့်ပူးပေါင်းကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယခုကဲ့သို့ မိုးရာသီကာလတွင် ပုံမှန် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လေ့ရှိသကဲ့သို့ အချိန်တို အတွင်း မိုးရေချိန် လက်မများပြားစွာ ရွာသွန်းရာမှ ဖြစ်ပေါ်တတ်သည့် လျှပ်တပြက်ရေကြီးခြင်း၊ မြေပြို/တောင်ပြိုခြင်းများ ဖြစ်ပွားနိုင်ကြောင်းကိုလည်း သတိပြုရမည်ဖြစ်သည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ရေဘေးအန္တရာယ်နှင့် ပတ်သက်၍ ထောက်ပံ့ရေးပစ္စည်းများကြိုတင်သိုလှောင်ထားခြင်း၊ အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းများအတွက် လှေ၊ အသက် ကယ်အင်္ကျီ၊ ရေစုပ်စက်၊ ရေသန့်ဆေးပြားများ စသည်ဖြင့် ကြိုတင်ပြင်ဆင်ထားခြင်း၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့များနှင့်ပူးပေါင်း၍ Cyclone Shelterများ၊ အခြားခိုလှုံနိုင်မည့် နေရာများ သတ်မှတ်ဖော်ထုတ်ထားခြင်းနှင့် ရေဘေးတုံ့ပြန် ဆောင်ရွက်ရေး လုပ်ငန်းများအတွက် အခြားလိုအပ်သည့်ကြိုတင်ပြင်ဆင်စီမံမှုများ ဆောင်ရွက်ထားရှိကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့်လည်း မိုးလေဝသသတင်းများနှင့် ထူးခြာမြစ်ရေအခြေအနေထုတ် ပြန်ချက်များကို စဉ်ဆက်မပြတ်သတိပြုနိုင်ပါရန်နှင့် မြစ်၊ ချောင်းများ တစ်လျှောက်နေထိုင်သူများ၊ သဲသောင်ပြင်များတွင် သီးနှံစိုက်ပျိုးကြသူများ၊ ရေဘေးအန္တရာယ်ရှိဒေသနေ ပြည်သူများအနေဖြင့် အသက်ကယ်ဘောကွင်းများ၊ လေလုံပိတ်ရေပုံးအလွတ်၊ သစ်တုံး၊ ကားတာယာကျွတ်အစရှိသည့် အရေးပေါ် အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားရန်၊ လျှပ်တပြက်ရေကြီးခြင်းများသည် ပုံမှန်ရေကြီးခြင်းများကဲ့သို့ ကြိုတင်ရှောင်တိမ်းချိန် မရရှိတတ်ကြောင်းသတိပြုရန်နှင့် ညအချိန်များ တွင် ပိုမိုသတိပြုနေထိုင်ရန်၊ ရေကြီးနေစဉ် ချောင်းရေကျော်များတွင် ကား၊ ဆိုင်ကယ်၊ လူ၊ တိရစ္ဆာန် များမဖြတ်ကူးရန် စသည့်အချက်များကိုသတိပြုလိုက်နာဆောင်ရွက်သင့်ကြောင်းနှင့် ဘေးအန္တရာယ် များနှင့်ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ်ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့လည်း ဆက်သွယ်သတင်းယူခြင်း၊ အကူအညီတောင်းခံခြင်းများဆောင်ရွက်နိုင်ပါကြောင်း သိရသည်။
သတင်းစဉ်


