နေပြည်တော်  ၂၆  ဇွန်

 

ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီး ဌာနတို့၏ သတင်းစာရှင်းလင်းပွဲကို ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

သတင်းစာရှင်းလင်းပွဲ၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးလှကျော်က ဝန်ကြီးဌာနအနေဖြင့် နိုင်ငံ၏ ကျေးလက်ဒေသများကို အခြေခံထားကာ အကောင်အထည်ဖော်ဆောင်ရွက်ရသည့် ဝန်ကြီးဌာနဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်နေပြည်သူများ၏ အဓိကအသက်မွေးဝမ်းကျောင်း လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေး၊ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရသည်နှင့်အညီ တစ်ဖက်တွင် လည်း ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝ တိုးတက်လာမည် ဖြစ်ကြောင်း၊ လူမှုစီးပွားဘဝ တိုးတက်လာသည်နှင့်အမျှ နိုင်ငံတော်၏ စီးပွားရေးလည်း တိုးတက်လာမည် ဖြစ်ပါကြောင်း။

 

ယင်းလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လယ်ယာကဏ္ဍ အပြင် သားငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရန်လည်း ဆောင်ရွက်ပေးရပါကြောင်း၊ လက်ရှိအနေ အထားတွင် နိုင်ငံ၏ စီးပွားရေး၌ လယ်ယာကဏ္ဍသည် ၁၃ ဒသမ ၉ ရာခိုင်နှုန်းနှင့် သားငါးကဏ္ဍ၌ ၇ ဒသမ ၅ ရာခိုင်နှုန်းရှိ၍ နိုင်ငံ့စီးပွားရေး၏ ၂၁ ဒသမ ၅ ရာခိုင်နှုန်းတွင် ပါဝင်ဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ လယ်ယာ၊ သားငါးထုတ်ကုန်ကဏ္ဍ၌ နိုင်ငံ့ပို့ကုန်တွင် ၃၀ ရာခိုင်နှုန်း ရှိပါကြောင်း။

 

လယ်ယာမြေယာစီမံခန့်ခွဲမှုအပိုင်းအနေဖြင့် ယခင်ပြဋ္ဌာန်းခဲ့သည့် ဥပဒေ၏ အားနည်းချက်၊ အကန့်အသတ်များကို ပြန်လည်သုံးသပ်ပြီး စိုက်ပျိုးမွေးမြူရေး တောင်သူများ၏ အခွင့် အလမ်းများ တိုးတက်ရရှိနိုင်ရန် ၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုမှုဖြင့် ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ ယင်းဥပဒေအရ တောင်သူများ အတွက် ပုံစံ (၇) လက်မှတ်ထုတ်ပေးရေး နှင့်ပတ်သက်၍ တောင်သူပေါင်း ၂၆၈၂၁၀ ၊ ဦးပိုင်ပေါင်း ၄၃၈၃၅၅ ခုနှင့် ဧရိယာ ၁၂၂၅၇၆၆ ဧက ရာခိုင်နှုန်းအားဖြင့် ၉၈ ရာခိုင်နှုန်း ထုတ်ပေးခဲ့ပြီး ဖြစ်ပါကြောင်း။

 

ရေသယံဇာတစီမံခန့်ခွဲမှုအနေဖြင့် လယ်ယာကဏ္ဍတွင် ရေစီမံခန့်ခွဲမှုအပိုင်းသည် အရေးပါသည့် လုပ်ငန်းစဉ်တစ်ရပ် ဖြစ်ပါကြောင်း၊ ရာသီဥတုပြောင်းလဲလာမှုကြောင့် ပြောင်းလဲသွားသည့် သဘာဝအနေအထားများအရ လယ်ယာစိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်းခွင်များအပေါ် များစွာသက်ရောက်မှုရှိလာပါကြောင်း၊ လယ်ယာမြေ ရေကြီး နစ်မြုပ်မှု လျော့ပါးသက်သာစေရန် ချောင်းကော၊ မြောင်းကာ၊ ရေနုတ်မြောင်း တူးဖော်ခြင်းလုပ်ငန်းများကို ကရင်၊ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ မန္တလေး၊ မွန်၊ ရခိုင်၊ ရန်ကုန်နှင့် ဧရာဝတီတို့တွင် ဆောင်ရွက် ပေးခဲ့ပါကြောင်း၊ ၂၀၁၆ - ၂၀၁၇ ခုနှစ်မှ ၂၀၁၉ - ၂၀၂၀ ခုနှစ်အထိ လုပ်ငန်းပေါင်း ၈၉ ခုကို ဆောင်ရွက်ပေးခဲ့သည့်အတွက် လက်ရှိတွင် စိုက်ပျိုးမြေဧရိယာဧက နှစ်သိန်းခွဲကို ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေခဲ့ပါကြောင်း၊ စတုတ္တ တစ်နှစ်တာကာလအတွင်း အချိန်တို အတွင်း အကျိုးဖြစ်ထွန်းအောင် ရေနုတ်မြောင်း ၂၅ မြောင်း တူးဖော်ခြင်းလုပ်ငန်းကို စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီး (၅)ခုတွင် ဆောင်ရွက်ပေးခဲ့သည့်အတွက် စိုက်ပျိုးမြေဧရိယာ ဧက ၁၉၀၀၀၀ ကို ရေကြီးနစ်မြုပ်မှုမှ လျော့ပါးသက်သာစေပါကြောင်း။

 

ထို့အတူ စစ်ကိုင်း၊ ပဲခူး၊ မကွေး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးများတွင် ယခင် နှစ်များစွာက တည်ဆောက်ခဲ့သည့် ရေဘေးကာကွယ်ရေးတာများ၏ ကြံ့ခိုင်မှုအတွက်တာ ပြုပြင်ခြင်းလုပ်ငန်းပေါင်း ၇၃ ခုကို ဆောင်ရွက်ပေးခဲ့ပြီး စိုက်ပျိုးမြေဧက ၃ သိန်းကို ရေဘေး ကာကွယ်ပေးနိုင်ခဲ့ပါကြောင်း၊ ထို့ပြင် ဒေသအလိုက် ပင်လယ်ရေဝင်ရောက်သည့် ရေငန်တား တာများရှိပြီး ယင်းတာများ ကြံ့ခိုင်မှုရှိစေရန်အတွက် ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီး တို့တွင် လုပ်ငန်းပေါင်း ၃၀ ကို ပြုပြင်ဆောင်ရွက်ပေးခဲ့သည့်အတွက် စိုက်ပျိုးမြေဧရိယာဧက ၁ သိန်းခန့် ရေငန်ဝင်ရောက်ခြင်းမှ ကာကွယ်ပေးနိုင်ခဲ့ပါကြောင်း။

 

လယ်ယာစိုက်ပျိုးရေးလုပ်ငန်း စက်အားတိုးမြင့် သုံးစွဲအကောင်အထည်ဖော်မှု အနေ ဖြင့် သီးနှံစိုက်ပျိုးထုတ်လုပ်ရာတွင် မြေပြုပြင်ထွန်ယက်ခြင်းမှ ရိတ်သိမ်း၊ ခြွေလှေ့ခြင်း လုပ်ငန်း အဆင့်ဆင့်အထိ ပုဂ္ဂလိကကဏ္ဍ ဝန်ဆောင်မှုလုပ်ငန်းများ ထွန်းကားလာစေရေး အတွက် ဆောင်ရွက်ခဲ့ပါကြောင်း၊ မြို့နယ်ပေါင်း ၉၇ ခုတွင် ပုဂ္ဂလိကစက်မှုလယ်ယာ ဝန်ဆောင်မှု အသင်း ၁၂၅ သင်း ဖွဲ့စည်းအကောင်အထည်ဖော်နိုင်ခဲ့ပါကြောင်း၊ နည်းပညာပေးခြင်းနှင့် သုတေသန ဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုအနေဖြင့် ဒေသရေမြေအလိုက် သင့်တော်သည့် အထွက်ကောင်းခြင်း၊ ရောဂါဒဏ်ခံနိုင်ခြင်း၊ သဘာဝဘေး အန္တရာယ်ဒဏ်ခံနိုင်ခြင်း စသည့် လက္ခဏာများနှင့် ပြည့်စုံသည့် စပါးသီးနှံ အပါအဝင် သီးနှံမျိုးသစ် ၃၇ မျိုးကို ထုတ်လုပ်ဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ မြေဆီလွှာနှင့် ရေအရည် အသွေး၊ ဓာတ်မြေဩဇာ အရည်အသွေးများ၊ အပင်နမူနာများ ဓာတ်ခွဲစစ်ဆေးပေးနိုင်ရန် အတွက် ဓာတ်ခွဲခန်းများကို ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် အတွင်း ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၊ ပဲခူးတိုင်းဒေသကြီး ပြည်မြို့နှင့် ရန်ကုန် တိုင်းဒေသကြီး လှည်းကူးမြို့ တို့တွင် ဖွင့်လှစ်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း။

 

ထို့ပြင် တောင်သူလယ်သမားများအတွက် ဈေးကွက်ခိုင်မာမှု ရှိစေရန် တောင်သူ - ပုဂ္ဂလိက - အသင်းအဖွဲ့များအကြား ကန်ထရိုက်လယ်ယာစနစ် (Contract Farming) ကျင့်သုံးရေးကို အားပေးဆောင်ရွက်လျက်ရှိပြီး လက်ရှိဧက ၂ သိန်းကို ဆောင်ရွက်ထားပါ ကြောင်း။

 

မွေးမြူရေးကဏ္ဍတွင် ကုန်သွယ်မှုနှင့် လုပ်ငန်းများချိတ်ဆက်ပြီး ကျွဲ၊ နွား နယ်စပ် ကုန်သွယ်မှုအတွက် ကွတ်ခိုင်မြို့နှင့် ကော့ကရိတ်မြို့တွင် တိရိစ္ဆာန်ရောဂါ ထိန်းချုပ်စောင့် ကြည့်စစ်ဆေးရေးစခန်းများ ဖွင့်လှစ်ခဲ့ပါကြောင်း၊ တရုတ်၊ ထိုင်းနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့ တင်ပို့မည့် ကျွဲ ၇၅၄၂၆ ကောင်နှင့် နွား ၅၃၁၇၃၀ ကို ကျန်းမာရေး စစ်ဆေးပေးခဲ့ပါကြောင်း။

 

မြန်မာ့ပင်လယ် ငါးလုပ်ငန်းရေပြင်အတွင်း တရားမဝင် ငါးဖမ်းဆီးမှုများထိန်းချုပ် နိုင်ရေး၊ ရေယာဉ်များ အန္တရာယ်ကင်းရှင်းရေးနှင့် ငါးကုန်တက် အထိအမိ သိရှိရေးအတွက် ရေ ယာဉ်များစောင့်ကြည့်ထိန်းသည့်စနစ် (Vessel Monitoring System - VMS) တပ်ဆင် အသုံးပြုရေး ဆောင်ရွက်ထားပြီး ဖြစ်ပါကြောင်း၊ လေးနှစ်တာကာလအတွင်း ရေထွက်ပစ္စည်း ပြည်ပတင်ပို့မှုသည် နှစ်စဉ်မြင့်တက်လျက်ရှိပြီး ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ်အတွင်း ပြည်ပသို့ ရေထွက်ပစ္စည်း အမေရိကန်ဒေါ်လာ ၆၅၁ သန်းကျော် တင်ပို့နိုင်ခဲ့ပါကြောင်း။

 

ကျေးလက်အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်ရေးအနေဖြင့် ရာသီဥတု ပြောင်းလဲလာသည်နှင့်အညီ သောက်သုံးရေ ရှားပါးလာမှုကို ကြုံတွေ့လာရပါကြောင်း၊ ၂၀၁၉ ခုနှစ် ဧပြီလမှ ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလအတွင်း ကျေးလက်ဒေသ သောက်သုံးရေ ရရှိရေး လုပ်ငန်းများကို ကျေးရွာပေါင်း ၃၆၇၂ ရွာတွင် ဆောင်ရွက်ခဲ့ရာ အိမ်ခြေ ၆ ဒသမ ၁၇ သိန်းနှင့် လူဦးရေ ၃ သန်းက အကျိုးခံစားခဲ့ရပါကြောင်း၊ ကျေးလက်မီးလင်းရေး အတွက် အိမ်သုံး ဆိုလာစနစ် လျှပ်စစ်မီးလင်းရေးလုပ်ငန်းများကို ကျေးရွာ ၃၄၀၀ ကျော်တွင် အိမ်ခြေပေါင်း ၁၄၆၀၀၀ နှင့် အများပိုင်အဆောက်အဦ ၂၂၀၀၀ ကို တပ်ဆင်ပေး ခဲ့ပြီး လူဦးရေ  ၁ ဒသမ ၂၇ သန်းကျော်ကို အကျိုးပြုခဲ့ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေး အတွက် ကျေးလက်ကုန်ထုတ် လမ်း ၆၉၄ မိုင် ၂ ဖာလုံနှင့် ကျေးလက်ကုန်ထုတ်တံတား ၇၀၇ စင်း တည်ဆောက်ပေးခဲ့ ပါကြောင်း။

 

ကိုဗစ်-၁၉ ကြောင့် လယ်ယာ၊ သားငါးကဏ္ဍကြီးအပေါ် ရိုက်ခတ်လာသည့် သက် ရောက်မှု/ စိန်ခေါ်မှုများအပေါ် ဝန်ကြီးဌာနအနေဖြင့် CERP စီးပွားရေးအပေါ် ထိခိုက်မှု သက်သာရေးစီမံချက်အရ ဘဏ္ဍာငွေကျပ် ၉၂ ဒသမ ၆၁ ဘီလီယံကို ကျေးလက်နေပြည်သူများ၏ လူမှုဘဝဖွံ့ဖြိုးမှုအတွက် ဆောင်ရွက်ရန် နိုင်ငံတော်မှ ခွင့်ပြုပေးခဲ့ပါကြောင်း၊ အဆိုပါ အစီအစဉ်အရ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မြို့နယ်ပေါင်း ၂၈၇ မြို့နယ်တွင် ဇွန်လမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည့် စပါးမျိုးစေ့ထုတ်လုပ်ငန်း ဧက ၁ သိန်း စီမံကိန်းအတွက် ငွေကျပ် ၁၄၉၁၁ ဒသမ ၃၃ သန်း၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးရွာပေါင်း ၁၇၀၀ တွင် ဇွန်လမှ စက်တင်ဘာလကုန်အထိ ဆောင်ရွက်မည့် ကျေးရွာမ တည်ရန်ပုံငွေစီမံကိန်းအတွက် ငွေကျပ်သန်း ၄၂၀၀၀ ၊ ငါးလုပ်ငန်းဦးစီးဌာနအနေဖြင့် မေလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည့် ငါးမွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်ရန်လိုအပ်သော မျိုးငါးနှင့် သားပေါက်များ ဖြန့်ဖြူးပေးခြင်း လုပ်ငန်းအတွက် ငွေကျပ်သန်း ၆၀၀၀ ၊ စက်မှုူ လယ်ယာဦးစီးဌာနအနေဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်း ဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင် လယ်ယာသုံးစက်ကိရိယာ ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် ငွေကျပ်သန်း ၁၂၅၆ ဒသမ ၈၅ သန်း ကို ဆောင်ရွက်သွား မည်ဖြစ်ကြောင်း။

 

ထို့အတူ CERP ၏ ဝင်ငွေရရှိစေမည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ခြင်း အစီအစဉ်အရ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနအနေဖြင့် ကျေးရွာပေါင်း ၂၄၈၈ ရွာတွင် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် ကျေးရွာအခြေခံအဆောက် အအုံ၊ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းအတွက် ငွေကျပ်သန်း ၂၅၀၀၀ ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် ဇွန်လမှ စက်တင်ဘာလကုန်အထိ ဆောင်ရွက်မည့် မွေးမြူထုတ်လုပ်မှုနှင့် အလုပ် အကိုင် အခွင့်အလမ်းများ ပြန်လည်ဖော်ဆောင်ခြင်းကို ငွေကျပ်သန်း ၁၄၄၀ ၊ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီ တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသ ကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလမှ ဒီဇင်ဘာလအထိ ဆောင်ရွက်မည့် ရေလုပ်သားများအား ပင်လယ်ပြင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် လုံခြုံရေးအတွက် သင် တန်းများ ဖွင့်လှစ်ခြင်းကို ငွေကျပ်သန်း ၆၀ ဒသမ ၇၇ သန်း၊ ဆည်မြောင်းနှင့် ရေအသုံးချမှု ဦးစီးဌာနအနေဖြင့် နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေး တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် လက်တံမြောင်း၊ လက်ခွဲမြောင်း၊ ရေနုတ်မြောင်းငယ်များ ပြုပြင်ခြင်းနှင့် ရေငန်တားတာ၊ ရေဘေးကာကွယ်ရေးတာများ ကြံ့ခိုင်ရေးဆောင်ရွက်ခြင်း ကို ငွေကျပ် ၁၁၃၈ ဒသမ ၈၁ သန်း၊ စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင် မေလမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် လယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ငွေကျပ် ၂၀၄ သန်း၊ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနအနေဖြင့် ဇွန်လမှ စက်တင်ဘာလအထိ ဆောင်ရွက်မည့် အလုပ်အကိုင် ဆိုင်ရာ သင်တန်းများဖွင့်လှစ်ခြင်းကို ငွေကျပ် ၆၀၀ ဒသမ ၂၁ သန်းဖြင့် ဆောင်ရွက်သွား မည် ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

 

ထို့နောက် သတင်းမီဒီယာများက CERP တွင် စိုက်ပျိုးရေးအတွက် အသုံးပြုရန် ဘတ်ဂျက်များကို အမှန်တကယ် ထိရောက်စွာ အသုံးပြုနိုင်ရန် ဝန်ကြီးဌာနအနေဖြင့် ပြင်ဆင် ဆောင်ရွက်နေမှုအခြေအနေ နှင့်စပ်လျဉ်း၍ မေးမြန်းရာ ဒုတိယဝန်ကြီး ဦးလှကျော်က CERP အစီအမံကို စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနှင့် လေးကြိမ်ညှိနှိုင်းပြီးဖြစ်ပါကြောင်း၊ ညှိနှိုင်းရာတွင် တစ်ဘက်က နိုင်ငံတော်အနေဖြင့် ကျခံသုံးစွဲနိုင်မည့် ဘဏ္ဍာငွေအပိုင်းနှင့် ဌာနဘက်က ဆောင်ရွက်နိုင်မည့် စွမ်းအားအပိုင်းများ ပါဝင်ပါကြောင်း၊ ဆွေးနွေးခဲ့သည့် အနေအထားပေါ် မူတည်၍ လုပ်ငန်းစဉ်များရှိပါကြောင်း၊ ဝန်ကြီးဌာနတွင် ကျေးလက်ဒေသအထိ ဝန်ထမ်းများရှိပါ ကြောင်း၊ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍ လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်သည့် ကော်မတီများ ဖွဲ့စည်းထားပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ မြို့နယ်နှင့် ကျေးလက် အဆင့်ဆင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အကောင်အထည်ဖော် ဆောင်ရွက် မှု လုပ်ငန်းများကို Mornitoring လုပ်ငန်းကြီးကြပ်စစ်ဆေးမှုကို Quarterly, Annually စနစ် ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန်ရှိပါကြောင်း၊ အကျိုးရှိရှိနှင့် အထိရောက်ဆုံး ဖြစ်ရန် အဓိကကျသည့် ကြီးကြပ်စစ်ဆေးရေးအပိုင်းကို အဆင့်ဆင့် အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ရှင်းလင်းဖြေကြားသည်။

 

ဆက်လက်၍ သတင်းမီဒီယာများက တောင်သူလယ်သမားများအနေဖြင့် ဓာတ်မြေဩဇာများ ဝယ်ယူရာတွင် စက်ရုံများမှ တိုက်ရိုက်ဝယ်ယူ၍မရဘဲ စီးပွားရေး သမားများထံမှ ဈေးကြီးပေး၍ ဝယ်ယူနေရသည်ကို ဝန်ကြီးဌာနအနေဖြင့် သိရှိခြင်း ရှိ/မရှိနှင့် ဖြေရှင်းဆောင် ရွက်ပေးမည့် အခြေအနေ၊ ဆေးဘက်ဝင် လျှော်ပင်စိုက်ပျိုးမှုကို ဝန်ကြီးဌာနအနေဖြင့် ခွင့်ပြု သွားရန်အစီအစဉ်ရှိ/မရှိနှင့် ဆောင်ရွက်သွားမည့် မူဝါဒ၊ အိမ်ခြံဝင်း ဉယျာဉ် စိုက်ပျိုးခြင်း စီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည့် အချိန်ကာလနှင့် မျိုးပင်မျှ ဝေပေးသည့်ပုံစံ၊ တရားမဝင် ငါးဖမ်းမှုကို ထိန်းချုပ်နိုင်ရေး ဆောင်ရွက်နေမှု အခြေအနေ တို့နှင့်စပ်လျဉ်း၍ မေးမြန်းကြရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်နှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

 

နိုင်ငံတော်အစိုးရ၏ ပြည်သူ့အတွက် စတုတ္ထ (၁) နှစ်တာကာလအတွင်း ဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်သည့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများ၏ သတင်းစာရှင်းလင်းပွဲများကို ဇွန် ၈ ရက်မှ ၂၆ ရက်အထိ အောင်မြင်စွာ ကျင်းပခဲ့သည်။

 

သတင်းစဉ်