၂၇  ဇွန်

"ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာမှာအိပ်အိပ်၊ ခြင်ထောင်ထောင်ပြီး အိပ်"ဟု ဆိုသော နှိုးဆော်စာလေးကို လူမှုကွန်ရက်မီဒီယာတွင် ဖတ်ရသည်။ အဆိုပါ နှိုးဆော်စာသည် ခြင်မကိုက်စေရန်အတွက် သတိပေး နှိုးဆော်ထားခြင်းဖြစ်သည်။ ငှက်ဖျားရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါတို့သည် ခြင်ကိုက်ရာမှတစ်ဆင့် ဖြစ်ပွားသော ရောဂါများဖြစ်သည်။

ယခုရာသီတွင် သွေးလွန်တုပ်ကွေးရောဂါနှင့် ရာသီတုပ်ကွေးရောဂါတို့ အဖြစ်များသည်။ သွေးလွန်တုပ်ကွေး ရောဂါသည် ခြင်ကိုက်ရာမှတစ်ဆင့် ဖြစ်ပွားခြင်းဖြစ်ပြီး ဖျားပြီးအန်ခြင်း၊ ဗိုက်နာခြင်း၊ နှာခေါင်း၊ သွားဖုံး သွေးယိုခြင်း၊ ဝမ်းမည်းသွားခြင်း၊ ခန္ဓာကိုယ်တွင်အနီစက်များထွက်ခြင်း၊ အသက်ရှူမြန်ခြင်း၊ ဂနာမငြိမ်ခြင်း စသည့်လက္ခဏာများရှိသည်။ ရာသီတုပ်ကွေးရောဂါသည် တုပ်ကွေးရောဂါဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ပြန့်ပွားကာ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်း၊ လည်ချောင်းနာခြင်း၊ နှာရည်ယိုခြင်း၊ နှာချေခြင်း၊ ဝမ်းလျှောခြင်း၊ အန်ခြင်း စသည့်လက္ခဏာများရှိသဖြင့် ကိုဗစ်-၁၉ ရောဂါလက္ခဏာနှင့် ဆင်ဆင်တူသည်။

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၁ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ငါးလတာ ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၁၄၈၀ ရှိပြီး သေဆုံးသူ ၁၁ ဦးရှိကြောင်းသိရသည်။ စစ်ကိုင်းတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် အဖြစ်များသည်။ စစ်ကိုင်းတိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသူ ၃၀၀ ရှိပြီး သေဆုံးသူ သုံးဦးရှိကြောင်း ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် အေးဒီးစ်ခြင်ကျားအကိုက်ခံရခြင်း ကြောင့်ဖြစ်ပြီး နေ့အချိန်တွင် အများအားဖြင့် ကိုက်လေ့ရှိသည်။ အသက်အရွယ်မရွေး၊ ကလေး၊လူကြီးမရွေး၊ ကျားမ မရွေးဖြစ်ပွားနိုင်ပြီး ယခုလို မိုးရာသီတွင် ခြင်ကျားအများဆုံးပေါက်ပွားသောကြောင့်သွေးလွန်တုပ်ကွေး ရောဂါအဖြစ်များခြင်း ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် အေးဒီးစ်ဟုခေါ်သော ခြင်ကျားသည် နေအိမ်တွင်းနှင့် နေအိမ်ပတ်ဝန်းကျင်ရှိ ရေကြည်၊ ရေသန့် တွင်ပေါက်ပွားခြင်းဖြစ်ရာ မိမိတို့နေအိမ်နှင့် ပတ်ဝန်းကျင်တွင် ခြင်ပေါက်ပွား မှုမရှိစေရေး ပိုးလောက်လမ်းနှိမ်နင်းရေးလုပ်ငန်းများကို သက်ဆိုင်ရာ ဌာနများ၏ လမ်းညွှန်ချက်များနှင့်အတူ မိမိတို့ကိုယ်တိုင်ပါဝင်ဆောင်ရွက်ကြ ရမည်ဖြစ်သည်။

သွေးလွန်တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ကာကွယ်ဆေးထိုးနှံခြင်း၊ ခြင်မကိုက်စေရန်အတွက် အိပ်စက်ရာတွင် ခြင်ထောင်ထောင်အိပ်ခြင်း၊ အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်ဝတ်ဆင်ခြင်း၊ အလင်းရောင်ရှိသောနေရာ တွင်နေထိုင်ခြင်းပုံစံများဖြင့် နေထိုင်ရမည်ဖြစ်ပြီး ခြင်များမပေါက်ပွားစေရန် ရေစည်၊ရေအိုးများကို ခြင်မဝင်နိုင်အောင် ဖုံးထားခြင်း၊ ရေစည်၊ ရေအိုး များ၏အတွင်းပိုင်းကို တစ်ပတ်တစ်ကြိမ် တိုက်ချွတ်ဆေးကြောကာ သွန်ပစ်ခြင်း၊ ဘုရားပန်းအိုး၊ အလှပန်းအိုးများကို တစ်ပတ်နှစ်ကြိမ် တိုက်ချွတ် ဆေးကြောပြီး ရေလဲခြင်း၊ရေရှားပါးသည့်ဒေသများတွင် ပိုးလောက်လမ်းများကို ရေစစ်နှင့်စစ်ထုတ်ခြင်း စသည့်ဖုံး၊ သွန်၊ လဲ၊ စစ် ဟူသည့် နည်းလမ်းအပြင် ရေလဲလှယ်ရန်အခက်အခဲရှိသော အုတ်ကန်ကြီးများ၊ ရေလှောင် ကန်ကြီးများတွင် ပိုးလောက်လမ်းသေစေသော အဘိတ်ဆေးခတ်ခြင်း၊ ပိုးလောက်လမ်းစားငါးများထည့်ကာ နှိမ်နှင်းခြင်းနည်းလမ်းများဖြင့် ဆောင်ရွက်ရမည်ဖြစ်သည်။

လက်ရှိကာလတွင် ကိုဗစ်-၁၉ရောဂါကြောင့်မိမိတို့ပြည်သူများ အများ အားဖြင့် နေအိမ်များတွင်သာ အနေများလျက်ရှိရာ အိမ်တွင်ဖြစ်ပွားနိုင်ခြေ ရှိသောရောဂါများကို သတိပြုနေထိုင်ကြရမည်ဖြစ်သည်။ မကြာမီ ကာလတွင်လည်း အခြေခံပညာကျောင်းများပြန်လည်ဖွင့်လှစ်တော့မည် ဖြစ်ရာ မိမိတို့ရင်သွေးငယ်များ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး နည်းလမ်းများအပြင် ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေး အထူးအလေးထား ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကာကွယ်ခြင်းသည် ကုသခြင်းထက် ထိရောက်သည်ဟူသော ဆိုရိုးစကားအတိုင်း လက်ရှိကာလ ဖြစ်ပွားလျက်ရှိသော ကိုဗစ်-၁၉ ကမ္ဘာ့ကပ် ရောဂါကို ကာကွယ်ခြင်းနည်းလမ်းများဖြင့် ထိန်းချုပ်ထားနိုင်သကဲ့သို့ သွေးလွန်တုပ်ကွေးရောဂါ၊ ရာသီတုပ်ကွေးရောဂါ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ စသည့် ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများ မဖြစ်ပွားစေရေး မလျှော့သောသတိဖြင့် ကြိုတင်ကာကွယ် နေထိုင်ကြရမည်သာ ဖြစ်ပါကြောင်း။ ။

ကြေးမုံ