၂၇ ဇွန်
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာအရေ အတွက်မှာ တရွေ့ရွေ့နှင့်ပင် အယောက် ၂၉၀ ကျော် ၃၀၀ ဆီသို့ ချဉ်းကပ်လာခဲ့ပြီဖြစ်သည်။ နိုင်ငံအတွင်း ကိုဗစ်-၁၉ ရောဂါကူးစက် ခံရသူများ စတင်တွေ့ရှိသည့် စောစောပိုင်းကာလအတွင်း စိုးရိမ်ထိတ်လန့်မှုများဖြင့် ရောဂါပိုးကူးစက်မှု ကာကွယ်ရေး အစီအမံများ ပြုလုပ်ကြခြင်း၊ တစ်ဦးချင်းစီကလည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များကို သေသေချာချာ လိုက်နာကြခြင်းတို့ ရှိခဲ့သော်လည်း လက်ရှိအခြေအနေတွင်မူ ရောဂါပိုးကူးစက်ပျံ့နှံ့မှု နည်းပါးခြင်းနှင့် အနေကြာလာသည်နှင့်အမျှ စိုးရိမ်ပူပန်မှုတို့ လျော့နည်းလာခြင်းတို့ကြောင့် ပေါ့လျော့လာသည့် သဘောတို့ကို တွေ့မြင်လာရသည့်အတွက် ကမ္ဘာ့ကပ်ရောဂါကို လျှော့မတွက်ကြဖို့ သတိပေးလိုသည်။
ထို့အပြင် မိုးရာသီကျရောက်လာပြီဖြစ်ရာ ရာသီအကူးအပြောင်းတွင် ဖြစ်ပွားတတ်သည့် ရောဂါများကိုလည်း ဂရုပြုကြရတော့မည်ဖြစ်သည်။ အထူးသဖြင့် ကိုဗစ်-၁၉ နှင့် ဆင်တူပြီး အသက်ရှူလမ်းကြောင်းမှတစ်ဆင့် အခြားလူများသို့ ကူးစက်နိုင်သည့် ရာသီတုပ်ကွေးရောဂါ မဖြစ်ပွားရေးအတွက် ဂရုတစိုက်နေထိုင်ကြရန်ပင် ဖြစ်သည်။ ရာသီတုပ်ကွေးရောဂါ (Seasonal Influenza) သည် တုပ်ကွေးဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားရပြီး ကိုယ်ခံအားမကောင်းသူများ၊ သက်ကြီး ရွယ်အိုများ ရောဂါပြင်းထန်ပါက အသက်အန္တရာယ် ဖြစ်စေနိုင်သည့် ရောဂါဖြစ်သည်။ ရာသီတုပ်ကွေးကြောင့် ၂၀၁၈ ခုနှစ်တွင် လူ ၃၆ ဦး၊ ၂၀၁၉ ခုနှစ်တွင် လူ ၈၂ ဦး မြန်မာနိုင်ငံတွင် သေဆုံးခဲ့ရာ လက်ရှိ ကိုဗစ်-၁၉ ကြောင့် ပြည်တွင်း၌ သေဆုံးခဲ့သည့် လူနာအရေအတွက် ထက် များစွာပိုသည်ကို တွေ့ရှိနိုင်သည်။
ဖျားခြင်း၊ နှာရည်ယိုနှာချေခြင်း၊ ချောင်းဆိုး၊ လည်ချောင်းနာခြင်း၊ ဦးခေါင်းနှင့် ကိုယ်လက်တို့ ကိုက်ခဲခြင်း၊ အစာမစားချင်ခြင်းတို့သည် ရရာသီတုပ်ကွေး၏ လက္ခဏာများဖြစ်ပြီး ကိုဗစ်-၁၉ရောဂါ ကူးစက်ပုံ နည်းလမ်းများနှင့် တူညီသောကြောင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကာကွယ်ရေးဖြစ်သည့် ပါးစပ် နှာခေါင်းစည်းတပ်၊ လက်မကြာခဏဆေး၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေ၊ လူစုလူဝေးကို ရှောင်ရှား၊ အာဟာရပြည့်ဝအောင်စား၊ ရေများများသောက်၊ အိပ်ရေးဝဝအိပ် ဟူသော နည်းလမ်းများကို ကျင့်သုံးနေထိုင်ကြခြင်းက ကိုဗစ်-၁၉ ရောဂါကိုရော ရာသီတုပ်ကွေးကိုပါ ကာကွယ်နိုင်မည် ဖြစ်သည်။ စိတ်သက်သာဖွယ်အချက်မှာ ကိုဗစ်-၁၉ ရောဂါအတွက် ကာကွယ်ဆေးမရှိသေးသော်လည်း ရာသီတုပ်ကွေး အတွက် ကာကွယ်ဆေးရှိနေသည့်အတွက် ကြိုတင်ထိုးနှံကာကွယ်နိုင်သည့် အခွင့်အလမ်းရှိနေခြင်းပင်ဖြစ်သည်။
မိုးရာသီတွင် နောက်ထပ်ဂရုပြုကြရမည့် ကူးစက်ရောဂါမှာ သွေးလွန်တုပ်ကွေးရောဂါဖြစ်သည်။ ခြင်ကျား အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်တတ်သည့် သွေးလွန်တုပ်ကွေးသည် တစ်ချိန်က ၁၅ နှစ်အောက် ကလေးများတွင်သာ ဖြစ်ပွားခဲ့သော်လည်း ယခုအခါတွင်မူ အသက်အရွယ်မရွေး ဖြစ်ပွားတတ်သည့်ရောဂါ ဖြစ်သွားခဲ့ပြီ ဖြစ်သည်။ လူကြီးမှာဖြစ်သည့် သွေးလွန်တုပ်ကွေးက ပို၍ ပြင်းထန်သည်။ ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ ကောင်းသည်ဖြစ်ရာ ခြင်ကို နှိမ်နင်းခြင်းအားဖြင့် ခြင်ကြောင့်ဖြစ်သည့် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်နိုင်မည်ဖြစ်သည်။ ခြင်မပေါက်ပွားရေး၊ ခြင်များ မခိုအောင်းစေရေးတို့အတွက် မိမိတို့နေထိုင်ရာ ပတ်ဝန်း ကျင်များကို သန့်ရှင်းထားကြဖို့လိုသည်။ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်း များ အိမ်တိုင်းက ပြုလုပ်ကြရမည်။ ခြင်ကိုက်မခံရအောင် ဘောင်းဘီရှည်၊ အင်္ကျီလက်ရှည် ဝတ်ဆင်၊ နေ့ဖြစ်စေ၊ ညဖြစ်စေခြင်ထောင်ဖြင့် အိပ်စက်ကြမှ ခြင်ကပေးသည့်ရောဂါ ကင်းဝေးကြမည်။
လူတို့၏ပတ်ဝန်းကျင်မှာ ဗက်တီးရီးယားများ၊ ဗိုင်းရပ်စ်များ၊ မှိုများ၊ အမှုန်အမွှားများ အရေအတွက် သိန်းသန်းမက အနန္တများစွာ ရှိနေသည်။ အကြောင်းတစ်စုံတစ်ရာကြောင့် လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် လျော့ကျသွားခြင်း နှင့်အတူ ပတ်ဝန်းကျင်ညစ်ညမ်းမှုနှင့် မသန့်ရှင်းမှုအပါအဝင် ရောဂါပိုးမွှားများ ကူးစက်ပျံ့နှံ့စေသည့် အကြောင်းများကြောင့် လူတို့၏ ကျန်းမာရေးနှင့် အသက်အန္တရာယ် ပေးနိုင်သည့် ရောဂါများ ပေါ်ပေါက်လာကြသည်။ မိမိတစ်ကိုယ်ရေ ကျန်းမာရေးနှင့် မိမိမိသားစုအပါအဝင် ပတ်ဝန်းကျင်တစ်ခုလုံးမှ လူအများ ကျန်းမာရေးအတွက် လူတိုင်းလူတိုင်း ကျန်းမာရေးအသိ၊ မှန်ကန်သောအလေ့အကျင့်များ ကျင့်သုံးနိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း