လှည်းကူး ၂၇  ဇွန်

ရန်ကုန်မြောက်ပိုင်းခရိုင် လှည်းကူးမြို့နယ်တွင် နှာခေါင်းစည်းမဝတ်ဆင်ဘဲ နေအိမ်ပြင်ပသို့ သွားလာနေသူများအား ယမန်နေ့ နံနက်ပိုင်းက အရေးယူခဲ့ကြောင်း သိရသည်။

လှည်းကူးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက လှည်းကူးမြို့မဈေးကြီးအတွင်း ဈေးအဝင်၊ အထွက်ပေါက် နေရာများ၊ ကားဂိတ်၊ ကားမှတ် တိုင်များ၊ အနှေးယာဉ်ဂိတ်များ၌ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးနှင့် အုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်နှင့် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များပူးပေါင်းပြီး အဖွဲ့သုံးဖွဲ့ခွဲ၍ နှာခေါင်းစည်းမဝတ်ဆင်ဘဲ သွားလာနေကြသူများအား အရေးယူခဲ့ကြကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရန်အတွက် နှာခေါင်းစည်းဝတ်ဆင်သွားလာကြပါရန် အသိပညာပေး တိုက်တွန်းနှိုးဆော်ခဲ့ပြီးဖြစ်သော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသည့် နှာခေါင်းစည်းမဝတ်ဆင်ဘဲ ထွက်ခွာသွားလာနေသူ အမျိုးသား ၃၇ ဦး၊ အမျိုးသမီး ခုနစ်ဦး စုစုပေါင်း ၄၄ ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနှင့်အညီ ဒဏ်ငွေများ ပေးဆောင်စေခြင်းဖြင့် အရေးယူဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဉာဏ်ဟိန်း