ချီဖွေ ၂၇ ဇွန်
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်တွင် ၂၀၁၉-၂၀၂၀ ပြည့်နှစ်၊ မိုးရာသီကာလ အတွင်း မျိုးသန့် မျိုးစေ့ထုတ် စံပြကွက် စိုက်ပျိုးမည့် မျိုးစပါးအား ယနေ့နံနက် ၈ နာရီခွဲအချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများမှ ဆားရည်စိမ်ခြင်းလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက် ခဲ့ကြသည်။
အဆိုပါလုပ်ငန်း ဆောင်ရွက်ရာတွင် မိုးရာသီကာလအတွင်း ချီဖွေမြို့ပေါ် ရစ်လောခေါင် ရပ်ကွက်ရှိ အကျိုးဆောင်တောင်သူဦးခေါင်စိန်၏ လယ်ယာမြေတွင် မျိုးသန့် မျိုးစေ့ထုတ် စံပြကွက် ၅ဧကအတွက် စိုက်ပျိုးမည့် ရွှေရင်အေး မျိုးစပါးအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသိန်းနိုင်ဦးနှင့် ဝန်ထမ်းများ၊ စိုက်ပျိုးတောင်သူ အပါအဝင်၊ စိတ်ပါဝင်စားသောတောင်သူတို့ပူးပေါင်း၍ ဆားရည်စိမ်ခြင်း လုပ်ငန်းများ ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။
ထို့နောက် “ယခုလို ဆောင်ရွက်ခြင်းဖြင့် စပါးမျိုးစေ့နှင့်အတူ ရောနှောပါဝင်သော ပေါင်းစေ့များ အား ဖယ်ရှားပေးခြင်း၊ မျိုးစေ့ဆောင်ရောဂါကို ဖယ်ရှားပေးခြင်း၊ လုံးပိန် လုံးညှပ်များ ဖယ်ရှားပေးခြင်း၊ ပိုးမွှားရောဂါဒဏ်ခံနိုင်ရည်ရှိခြင်းနှင့် တစ်ဧကလျှင် အထွက်နှုန်း (၅)တင်းမှ(၁၀)တင်းထိပိုမို ထွက်ရှိ နိုင် ကြောင်း” စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသိန်းနိုင်ဦးမှ ပြောကြားသည်။
နန်းမြင့်


