မင်းဘူး ၂၇ ဇွန်
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် အခြေခံစားသောက်ကုန်(၅)မျိုး ပေးအပ်ရာတွင် ကျန်ရှိသော အိမ်ထောင်စု ၄၅၆၉ စုအတွက် ငွေကျပ် ၆၈၅ သိန်းကျော် ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစန်းဌေးက ဧပြီ ၁၀ ရက်က နိုင်ငံတော်အစိုးရမှ ပုံမှန်ဝင်ငွေ မရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများကို ပထမအကြိမ် အခြေခံစားသောက်ကုန် (၅)မျိုး ပေးအပ်ရာတွင် အချိန်တိုအတွင်း စာရင်းကောက်ယူရာ၌ အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိခဲ့သည့် အိမ်ထောင်စုများကို စာရင်းထပ်မံကောက်ယူ၍ အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀ဝ နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ကြောင်း၊ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်းက ရပ်/ကျေး အုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိတို့ရပ်ကွက်နှင့် ကျေးရွာများအတွင်းရှိ အခြေခံလူတန်းစားများအတွက် ရရှိလာသော ထောက်ပံ့ငွေများကို ပေးအပ်ရာတွင် အဆင်ပြေစေရန်အတွက် ပွင့်လင်းမြင်သာစွာ ချပြဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ကံက ထောက်ပံ့ငွေပေးအပ်ရခြင်းနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားပြီးနောက် မင်းဘူး(စကု)မြို့နယ်အတွင်း အခြေခံစားသောက်ကုန် (၅)မျိုးပေးအပ်ရာတွင် ကျန်ရှိသောအိမ်ထောင်စု ၄၅၆၉ စုရှိပြီး အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၁၅၀၀ဝ နှုန်းဖြင့် စုစုပေါင်း ငွေကျပ် ၆၈၅၃၅၀၀ဝ ကို သက်ဆိုင်ရာတာဝန်ရှိသူများက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများထံ လွှဲပြောင်းပေးအပ်ခဲ့ကြသည်။
အဆိုပါ ထောက်ပံ့ငွေပေးအပ်ပွဲသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းဝင်း၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်စွမ်းရည်နှင့် ဉီးကျော်ငွေ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဉီးစန်းဌေး၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးသိန်းဇော်ကံနှင့် ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မောင်မောင်(မင်းဘူး)


