မန္တလေး ၂၇ ဇွန်
ဆည်ရေစီမံခန့်ခွဲမှုလုပ်ငန်းများ တိုးတက်လာစေရန် ရည်ရွယ်လျက် မန္တလေးခရိုင် ပုသိမ်ကြီးမြို့နယ် ဇီးတော လျှပ်စစ်ဆည်ရေတင်လုပ်ငန်း၊ ကံကြီးလျှပ်စစ်ဆည်ရေတင်လုပ်ငန်း၊ ထန်းတော လျှပ်စစ်ဆည်ရေတင်လုပ်ငန်းနှင့် ကြိုးကြာဉ လျှပ်စစ်ဆည်ရေတင်လုပ်ငန်းများ၏ ရေသောက်ဧရိယာများရှိ ဆည်ရေတင်ရေသောက်တောင်သူ လယ်သမားများအနေဖြင့် ရေထုတ်ပြွန်တစ်ခုချင်းအလိုက် ရေအသုံးချသူအဖွဲ့ ဖွဲ့စည်းခြင်းနှင့် ပူးပေါင်းပါဝင်ဆည်မြောင်းစနစ် အကောင်အထည်ဖော်နိုင်ရေးအတွက် ယနေ့ မွန်းလွဲ ၁ နာရီခွဲက ဇီးတော လျှပ်စစ်ဆည်ရေတင်လုပ်ငန်း ရှင်းလင်းဆောင်၌ တာဝန်ရှိသူများနှင့် ရေအသုံးချသူအဖွဲ့ဝင်များ တွေ့ဆုံညှိနှိုင်းကာ ရေအသုံးချသူများအဖွဲ့ (၇)ဖွဲ့ကို ဖွဲ့စည်းခဲ့သည်။
အဆိုပါ ဖွဲ့စည်းခြင်းအခမ်းအနားတွင် ပုသိမ်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးညွန့်လင်းက အမှာစကားပြောကြားပြီး ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်) မန္တလေးခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဦးထွန်းဦးလှိုင်က ဖွဲ့စည်းရခြင်းနှင့်ပတ်သက်၍ ဆည်ရေတင် ရေသောက်တောင်သူအချင်းချင်း စည်းလုံးညီညွတ်စွာ ရေအလေအလွင့်မရှိစေဘဲ တူးမြောင်းအဆောက်အဉီများနှင့် ရေရှည်တည်တံ့ခိုင်မြဲလာနိုင်ကြောင်း၊ ရေအသုံးချသူ အဖွဲ့များကလည်း စိတ်ပါဝင်စားကာ ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ ရေရှည်တွင် ရေပေးမြောင်းနှင့် တူးမြောင်းအဆောက်အဉီများကို မိမိတို့ကိုယ်ပိုင်ပစ္စည်းကဲ့သို့ သဘောထားပြီး ထိန်းသိမ်းစောင့်ရှောက်သွားရန်နှင့် ဆည်မြောင်းဉပဒေ၊ ရေခွန်နှင့် တာတမံခွန်ဉပဒေများကိုလည်း လေးစားလိုက်နာကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။ ဆက်လက်၍ ဒေသခံတောင်သူတစ်ဦးက သိရှိလိုသမျှကို မေးမြန်းပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှု အဖွဲ့ဝင်များ၊ ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန (ရေအရင်းအမြစ်)မှ တာဝန်ရှိသူများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြပြီး ရေအသုံးချသူများအဖွဲ့ (၇)ဖွဲ့ကို အောင်မြင်စွာ ဖွဲ့စည်းနိုင်ခဲ့ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)


